မုံရွာမြို့နယ် လိုင်စင်မဲ့ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်တွေကို ဖော်ထုတ်ဖမ်းဆီးနေ

(ပြည်တွင်း ) ဇွန် ၁

မုံရွာမြို့နယ်မှာ လိုင်စင်မဲ့ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်တွေ လုံးဝမရှိစေဖို့ ဖော်ထုတ်ဖမ်းဆီးမှုတွေလုပ်ဆောင်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲ့လမ်းညွှန်မှုနဲ့ မုံရွာခရိုင် လိုင်စင်မဲ့ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ စိစစ်ဖော်ထုတ် အရေးယူရေးအဖွဲ့ခေါင်းဆောင်တဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး တင်အောင် ဦးဆောင်တဲ့အဖွဲ့ဆောင်ရွက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီအဖွဲ့ဟာ ဒီနေ့ နံနက် ၉ နာရီကစပြီး မုံရွာမြို့နယ် ကျောက္ကာလမ်းပေါ်က ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်တွေ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံကာ စည်ပင်လုပ်ငန်းလိုင်စင်၊ ရောင်းချခွင့်လိုင်စင်၊ အခွန်ဆောင်ထားရှိမှုစတဲ့ ‌သတ်မှတ်လုပ်ငန်းလိုင်စင်တွေ ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး တရားမဝင် မော်တော်ဆိုင်ကယ် လုံးဝရောင်းချခြင်း မပြုလုပ်ကြဖို့ပြောဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မုံရွာမြို့နယ်အတွင်းမှာ လိုင်စင်မဲ့ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်တွေ(လုံးဝ)မရှိစေဖို့ကိုလည်း ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်အတွင်းမှာ လိုင်စင်မဲ့ မော်တော်ယာဉ်တွေ၊ တရားမဝင်မော်တော်ဆိုင်ကယ်တွေကို နယ်စပ်ဒေသတွေက တရားမဝင်ခိုးသွင်းနေသလို ယာဉ်လိုင်စင်အတု၊ နံပါတ်ပြားအတု ပြုလုပ်ပြီး၊ မောင်းနှင်အသုံးပြုနေတာတွေကြောင့် နိုင်ငံတော်အခွန်ဘဏ္ဍာငွေ ဆုံးရှုံးစေတဲ့အပြင် လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုပါ အားနည်းချက်ဖြစ်ပေါ်စေတာကြောင့် လိုင်စင်မဲ့မော်တော်ယာဉ်၊ ဆိုင်ကယ်တွေကို စိစစ်ဖော်ထုတ်အရေးယူနေတဲ့အဖွဲ့ဟာ ထိထိရောက်ရောက် ဖော်ထုတ်ဖမ်းဆီးနေတာဖြစ်တယ်လို့ သိရပါတယ်။  

လိုင်စင်မဲ့မော်တော်ယာဉ်/ ဆိုင်ကယ်တွေကို အသုံးပြုပြီး အကြမ်းဖက်မှုတွေ မိုင်းထောင်ဖောက်ခွဲမှုတွေ လက်နက်/ခဲယမ်း၊ မူးယစ်ဆေးဝါးနဲ့ တရားမ၀င်ကုန်ပစ္စည်းသယ်ဆောင်မှုတွေကို ကျူးလွန်နေတာကြောင့် လိုင်စင်မဲ့မော်တော်ယာဉ် /ဆိုင်ကယ်တွေကို ထိရောက်စွာ ဖော်ထုတ် ဖမ်းဆီး အရေးယူမှုတွေကို စဥ်ဆက်မပျက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ခုလိုဆောင်ရွက်ရာမှာ မုံရွာမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ် /မော်တော်ဆိုင်ကယ်တွေ (လုံးဝ)မရှိစေရေး စီမံချက်ချမှတ်ပြီး ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်တာတွေအပြင် မုံရွာမြို့နယ်အတွင်းက ဆိုင်ကယ် Showroom အရောင်းဆိုင်တွေမှာ လိုင်စင်မဲ့ဆိုင်ကယ်တွေ ပါဝင်နေမှု ရှိ/မရှိ ကိုလည်း အဖွဲ့စုံနဲ့ စစ်ဆေးဆောင်ရွက်တာတွေကိုလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။  

#PAN