(နိုင်ငံတကာ) မေလ ၂၇

အကျပ်အတည်းအဆုံးသတ်ဖို့အတွက် အာဆီယံက မြန်မာနိုင်ငံဆိုင်ရာအမြဲတမ်းသံတမန်တစ်ဦးကိုခန့်အပ်ဖို့ စီစဉ်နေတယ်လို့ Nikkei Asia သတင်းတစ်အရ သိရပါတယ်။

မလေးရှားနိုင်ငံမှာ မနေ့ကပြုလုပ်တဲ့ အရှေ့တောင်အာရှ (အာဆီယံ) ထိပ်သီးအစည်းအဝေးမှာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ်ခန့်အပ်မယ့်အဆိုပြုချက်ကို ထောက်ခံခဲ့ကြတာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကို နှစ်စဉ်အလှည့်ကျ ကိုယ်စားလှယ်တွေခန့်အပ်ခဲ့ပေမယ့် ယခုလိုအမြဲတမ်းကိုယ်စားလှယ်ခန့်အပ်တာဟာ ပြည်တွင်းစစ်ဒဏ်နဲ့ နိုင်ငံတွင်း အကျပ်အတည်းကို အသိအမှတ်ပြုသည့်အနေနဲ့ ခန့်အပ်ဖို့မျှော်လင့်တာဖြစ်တယ်လို့ Nikkei Asia ကပြောဆိုထားပါတယ်။
အာဆီယံအနေနဲ့ မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတည်ဆောက်ဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတဲ့အချက်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူညီခဲ့ကြတယ်လို့လည်း ပြောပါတယ်။
အမြဲတမ်း ကိုယ်စားလှယ်အဖြစ်ခန့်အပ်မယ့်အစီအစဉ်နဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကတော့ “နှစ်စဉ်နှစ်တိုင်း အထူးသံတမန်အသစ်ကို ခန့်အပ်နေပေမယ့် ခန့်အပ်ပြီးတိုင်း ပြန်စနေရတယ်။ “ဒီအဆိုပြုချက်ကို လူတိုင်းက သဘောတူခဲ့ကြပါတယ်၊ အတိုက်အခံမရှိပါဘူး။ ဒါက သုံးနှစ်သက်တမ်းမှာ ဖြစ်နိုင်ခြေရှိတဲ့ အမြဲတမ်း အထူးကိုယ်စားလှယ်အဖြစ် ဘယ်သူကို ခန့်အပ်မလဲဆိုတဲ့ ကိစ္စပဲ” လို့ ပြောပါတယ်။
အမြဲတမ်းသံတမန်ခန့်အပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တိုက်ပွဲတွေအဆုံးသတ်ဖို့အတွက် အာဆီယံရဲ့ “ဘုံသဘောတူညီချက်ငါးချက်” အောက်မှာ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေပြုလုပ်နေတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရေးမှာ လိုက်လျောညီထွေရှိစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း၊ မလေးရှားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဟောင်း Othman Hashim ကို ဇန်နဝါရီလမှာ အာဆီယံက ခန့်အပ်ထားတာဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews