(ပြည်တွင်း) မေလ ၂၇

ချင်းပြည်သစ်ကွန်ဂရက်ပါတီဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်ကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် ကော်မရှင်က နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထား ချက်ကို ခွင့်ပြုလိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ ၂၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် ဒေါက်တာမှုထန်နဲ့ ချင်းပြည်နယ်လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာဘမောင်တို့တည်ထောင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပေမယ့် သူတို့မပါဝင်ဘူးလို့ ချင်းမီဒီယာတစ်ခုကနေ ငြင်းဆိုထားပါတယ်။
“ပါတီထောင်တာဟာ ကောင်းတဲ့အလုပ်ဖြစ်တဲ့အတွက် မိမိအနေနဲ့ အားပေးပြီး “လက်ရှိ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားတဲ့ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင် တို့ဟာ လူငယ်တွေဖြစ်ပြီး သူတို့ရဲ့ နာမည်ကို ထုတ်ပြောဖို့က လက်ရှိမှာ စောသေးတယ်လို့ သူကပြောဆိုထားပါတယ်။
ချင်းပြည်နယ်လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာဘမောင်ကလည်း အသက်ကြီးပြီဖြစ်လို့ နိုင်ငံရေးမှာ မပါတော့ပဲ။ လူငယ်တွေသာ ဆက်လက်ဆောင်ရွက်ဖို့ သူကတွန်းအားပေး ပြောဆို ထားပါတယ်။
ပါတီတည်ထောင်ခွင့်ရရှိထားတဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီဟာ ချင်ပြုချက်ရရှိတဲ့နေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နဲ့အညီ နိုင်ငံရေးပါတီ အဖြစ်မှတ်ပုံတင်ပေးရန် ရွေးကောက်ပွဲကော်မရှင်ထံကို လျှောက်ထားရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတော့ ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမယ့် ၂၀၂၅ ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျင်းပသွားဖို့ စီစဉ်ထားတာဖြစ်ပြီး ဒီနေ့အထိ တည်ထောင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၁၆ ပါတီဖြစ်တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews