(ပြည်တွင်း) မေလ ၂၆

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)ရဲ့ သဘောထားခံယူချက်အနေနဲ့ နှစ် ၃၀ ကျော် ကျင့်သုံးလာခဲ့တဲ့အတိုင်း နိုင်ငံတော်ကချမှတ်ထားထားတဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး စတဲ့ တို့တာဝန်အရေးသုံးပါးအတွက် အဓိကထားဆောင်ရွက်နေတယ်လို့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးစန်ပေ့က ပြောပါတယ်။

ကျိုင်းတုံမြို့ကိုရောက်ရှိနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)ရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံချိန်မှာ ခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

မေလ ၂၅ ရက်နေ့ မနက်ပိုင်းက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)ရဲ့ ငြိမ်းချမ်းရေးနဲ့စည်းလုံးရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ရွှေတြိဂံရိပ်သာမှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတွေ့ဆုံချိန်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ်ပြီး စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနေကြတာဖြစ်တာကြောင့် နိုင်ငံတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားညီရင်းအစ်ကိုမောင်နှမများအားလုံးအနေနဲ့စည်းစည်းလုံးလုံးနဲ့ နိုင်ငံ့အကျိုးကိုဖော်ဆောင်သွားနိုင်ဖို့ လိုအပ်မှာဖြစ်တယ်လို့ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မိမိတို့အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကိုဖြစ်ပေါ်စေရေးအတွက် ကောင်းမွန်စေလိုတဲ့စိတ်နဲ့ လုပ်ငန်းရပ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဦးစားပေးအနေနဲ့ အရေးကြီးနဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ နိုင်ငံတော်အစိုးရရဲ့မူဝါဒနဲ့အညီ ပူးပေါင်းဆောင်ရွက် သွားရမှာဖြစ်ပြီးဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်သလို ဒေသတစ်ခု၊ နိုင်ငံ့တစ်ခုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာတတ်လူသားအရင်းအမြစ်တွေ ပေါကြွယ်ဝရေးဟာ မဖြစ်မနေလုပ်ဆောင်ရမယ့် အချက်တစ်ချက်ဖြစ်တယ်လို့လည်း နစကဥက္ကဋ္ဌက ပြောပါတယ်။
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)ကဆွေးနွေးရာမှာ ဥက္ကဋ္ဌဟောင်းကြီးကွယ်လွန်ဆုံးပါးခဲ့ချိန်မှာ နိုင်ငံတော်နဲ့ပြည်သူတွေက ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောဆိုခဲ့သလို မကြာသေးမီက ဖြစ်ပေါ်ကြုံတွေ့ခဲ့ရတဲ့ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ချိန်မှာ နိုင်ငံတော်နဲ့ ပြည်သူလူထုတွေရဲ့ ထိခိုက်ဆုံးရှုံးခဲ့ရမှုများ အတွက်လည်း မိမိတို့အနေဖြင့်ထပ်တူဝမ်းနည်းမိပြီး အထူးဒေသ(၄)အတွင်းရှိ လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေပူးပေါင်းကာ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက် ကူညီဆောင်ရွက်ပေးနိုင်ရေးဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။
ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေ ပိုမိုမြန်ဆန်ချောမွေ့စေရေးအတွက်လည်း ကူညီဆောင်ရွက်ပေးဖို့နဲ့ ဒေသအတွင်း ပညာရေးကဏ္ဍနဲ့ကျန်းမာရေးကဏ္ဍတွေမှာ နိုင်ငံတော်အနေနဲ့ ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုတယ်လို့ NDAA (မိုင်းလား)ကတောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
NDAA (မိုင်းလား)ဒေသအတွင်း ဘယ်လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ဘယ်နိုင်ငံရေးအဖွဲ့အစည်းကိုမှလက်ခံထားတာမရှိဘူးလို့လည်း NDAA (မိုင်းလား)ကပြောဆိုခဲ့တယ်လို့ သိရပါတယ်။
NDAA (မိုင်းလား)အနေနဲ့ ဒေသတွင်းနဲ့ နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေးလုပ်ငန်းရပ်တွေအတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ မိမိတို့ဒေသအတွက် လိုအပ်တာတွေကို လမ်းညွှန်မှာကြားဆောင်ရွက်ပေးဖို့ ပြောဆိုခဲ့တယ်လို့သိ ရပါတယ်။
Telegram»…
https://t.me/positiveanglenews