(ပြည်တွင်း) မေ ၂၁
မန္တလေးငလျင်ကြီးကြောင့် ပြုပြင်ရမည့် အဆောက်အအုံများပြားသည့်အတွက် ပြုပြင်ရာတွင် ရှေးဟောင်းလက်ရာ တန်ဖိုးကျန်ရှိနေသေးသည့် ရှေးဟောင်းအဆောက်အအုံများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကြီးကြပ်ပေးပြီး ကျွမ်းကျင်အဖွဲ့များကိုပါ ပူးပေါင်းဆောင်ရွက်စေမည်ဖြစ်ကာ ပြည်သူလူထုကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရားများ ကိုရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကကြီးကြပ်ပြီး သက်ဆိုင်ရာဂေါပကအဖွဲ့များ၊ လုပ်ငန်းအတွေ့အကြုံရှိသူများကို ခွင့်ပြုဆောင်ရွက်စေမည်ဖြစ်သည်ဟု သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ပြောဆိုထားသည်။

မေလ ၂၁ ရက်နေ့ ညနေ ၆ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများနှင့် ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ပညာရှင်များနှင့် ဖွဲ့စည်းထားသော နည်းပညာဆိုင်ရာပညာရှင်အဖွဲ့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရှေးဟောင်းအမွေအနှစ် စေတီ၊ ပုထိုး၊ ဂူဘုရားများကို ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ပထမဦးစားပေးအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ် တန်ဖိုးနည်းပါးသော (သို့မဟုတ်) ပျက်စီးမှုနည်းပါးသော ရှေးဟောင်းအဆောက်အအုံများ၊ ရွှေဆေးသုတ်ထားသည့် စေတီပုထိုးများကို ပြန်လည်ပြုပြင်လိုသော အလှူရှင်များ၊ ဂေါပကများ၊ အဖွဲ့အစည်းများအနေဖြင့် ဦးစီးဌာနသို့ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်အညီ ကြိုတင်ခွင့်ပြုချက်တင်ပြပြီး ခွင့်ပြုချက်အတိုင်း အတွေ့အကြုံရှိသော ကန်ထရိုက်များဖြင့် ပြင်ဆင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့သည့်အတွက် ရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီ၊ ဘုန်းကြီးကျောင်း၊ သိမ်၊ ဇရပ်နှင့် မြို့ရိုး၊ ပြအိုးပြာသာဒ် စသည်ဖြင့် ၁၇၈၁ လုံးနှင့် ဘုရား၊ စေတီ၊ သာသနိကအဆောက် အအုံ ၄၉၉၈ လုံး စုစုပေါင်း ၆၇၇၉ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
#PAN