တပ်မတော်မှ ရဟတ်ယာဉ်ပျက်ကျခြင်းမှာ စက်ချို့ယွင်းမှုကြောင့်ဟုထုတ်ပြန်

(ပြည်တွင်း) မေ ၂၁

ဗန်းမော်မြို့နယ်အတွင်း တပ်မတော်မှ ရဟတ်ယာဉ်တစ်စီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆောင်ရွက်နေစဉ် မေလ ၂၀ ရက်နေ့ စက်ချို့ယွင်း၍ ပျက်ကျမှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မေလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် တပ်မတော်မှ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်များသည် ဗန်းမော်မြို့နယ်အတွင်းရှိ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေးတာဝန်များ ထမ်းဆောင်နေသည့် တပ်မတော်ရှေ့တန်းလုံခြုံရေးစခန်းများရှိ တပ်ဖွဲ့ဝင်များအတွက်လိုအပ်သည့်အုပ်ချုပ်မှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများ သွားရောက်ပို့ဆောင်ခဲ့ပြီး ပြန်လည်ထွက်ခွာလာစဉ် ရဟတ်ယာဉ် တစ်စီးသည် ဗန်းမော်မြို့၏ အနောက်တောင်ဘက် မီတာ ၁၄၀၀၀ ခန့်အကွာသို့ရောက်ရှိစဉ် ရုတ်တရက်စက်ချို့ယွင်းမှု ဖြစ်ပွားကာ မတော်တဆပျက်ကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရဟတ်ယာဉ်ပျက်ကျခဲ့မှုအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရဟတ်ယာဉ်ပျက်ကျသည့်နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များသွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးနှင့်လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ကချင်လက်နက်ကိုင်အဖွဲ့ KIA အကြမ်းဖက်သမားများမှ တပ်မတော်ရဟတ်ယာဥ်များအား ၎င်းတို့ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

#PAN