အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၈၂ ဦး ထပ်မံလွှဲပြောင်းပေးအပ်


(ပြည်တွင်း) မေ ၉

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ ပြတ်ပြတ် သားသားစုံစမ်းဖော်ထုတ် တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့လွှဲပြောင်းပေးလျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် တရားမဝင် Online လောင်း ကစားမှုများ၊ Online လိမ်လည်မှုများနှင့် ဒုစရိုက်မှုများလုပ်ဆောင်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား(၈၂)ဦးကို လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယမန်နေ့တွင် ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့စေရေးအတွက် ကရင်ပြည်နယ်၊ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က ယမန်နေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်များတွင် လိုအပ်သည့်အထောက်အထား၊ စာရင်းဇယားအချက်အလက်များ မှန်ကန် ပြည့်စုံကိုက်ညီမှုရှိရေးတို့ကိုမှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲ ကိုကျင်းပခဲ့ရာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယား ဖယ်ဒရယ်ဒီမိုကရက် တစ်သမ္မတနိုင်ငံသံရုံးမှ Second Secretary Mr.Wendwosen Melkamu နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထားစာရွက် စာတမ်းများကိုလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မေလ ၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၉၀၅၉ ဦး စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၇၇၉၅ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင် လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်င သား ၁၂၆၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင် လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN