မုံရွာမြို့ရှိ အများပြည်သူသွားလာအသုံးပြုနေသည့် ဇက်ဆိပ်တွင် အကြမ်းဖက် PDF အဖွဲ့များမှ လက်လုပ်တိုက်မိုင်းများထောင်ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျရှင်းလင်းဖယ်ရှား


(မှုခင်း) မေ ၄

အကြမ်းဖက် PDF အဖွဲ့များသည် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်၊ ရိုးသားစွာနေထိုင်လုပ်ကိုင်စားသောက်နေမှုများကိုနှောင့်ယှက်ရန်၊ လမ်းပန်းဆက် သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများအခက်အခဲများဖြစ်ပေါ်စေရန်နှင့် အကြောက်တရားများ ပိုမိုဖြစ်ပေါ်စေရန်ရည်ရွယ်၍ မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာများ၊ လမ်း၊ တံတား များ၌ မိုင်းထောင်ဖောက်ခွဲခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ မုံရွာတောင်ဇက်ဆိပ်(မုံရွာ-ညောင်ပင်ကြီး ကူးတို့ဆိပ်)ရှိ ပြည်သူများနှင့် ယာဉ်များ အတက်အဆင်းပြုလုပ်ရာနေရာ၌ လက်လုပ်တိုက်မိုင်းများထောင်ထားကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးစဉ် ယနေ့နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် အဆိုပါဇက်ဆိပ်၌ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်တိုက်မိုင်း ၅ လုံးအား တွေ့ရှိရသဖြင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမဖြစ်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးအန္တရာယ်ကင်းရှင်းစွာ စနစ်တကျဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် ပြည်သူများအပေါ် ထိခိုက်ပျက်စီးဒဏ်ရာရရှိစေရန်လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက်အား လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN