(ပြည်တွင်း) ဧပြီ ၂၉

ဂျပန်အစိုးရက ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ လိုအပ်ချက်များကို လေ့လာသုံးသပ်မည့်အဖွဲ့ကို စေလွှတ်ထားပြီး အကူအညီများအတတ်နိုင်ဆုံး ဆက်လက်ပံ့ပိုးမည်ဟု ရန်ကုန်မြို့ရှိ ဂျပန်သံရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဂျပန်နိုင်ငံအစိုးရ က မြန်မာနိုင်ငံ၌ ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုအခြေအနေများအတွက် JICA ကျွမ်းကျင်ပညာရှင်များအဖွဲ့ကို ဧပြီလ ၂၇ ရက်မှ မေ ၃ ရက်အထိ မြန်မာနိုင်ငံသို့စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယခုအကြိမ်စေလွှတ်မည့်အဖွဲ့သည် ငလျင်ဒဏ်သင့်ဒေသများရဲ့ လက်ရှိအခြေအနေနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်ချက်များကို လေ့လာသုံးသပ်ရန် ရန်ကုန်မြို့နှင့် မန္တလေးမြို့အပါအဝင် ငလျင်ဒဏ်သင့်ဒေသများသို့သွားရောက်မည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ပါဝင်ပါတယ်။
ဂျပန်အစိုးရအနေဖြင့် ငလျင်ဖြစ်ပွားပြီးနောက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ် ရေးဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ (JDR) စေလွှတ်ခြင်း၊ အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် အရေးပေါ်ထောက်ပံ့ငွေပေးအပ်ခြင်း(Emergency Grant Aid)တို့ကိုဆောင်ရွက်ခဲ့ပြီး ငလျင်ဒဏ်သင့်ဒေသတွင်ရှိသော လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား၍ မြန်မာ ပြည်သူပြည်သားများ တိုက်ရိုက်အကျိုးခံစားရရှိစေမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဂျပန်နိုင်ငံ အစိုးရက အတတ်နိုင်ဆုံးဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
Telegram»…
https://t.me/positiveanglenews