(ပြည်တွင်း) ဧပြီ ၂၆

ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်မယ့် မြန်မာအပါအဝင် နိုင်ငံခြားသားခရီးသွားအားလုံးအတွက် ဒစ်ဂျစ်တယ်ဆိုက်ရောက်ကတ် (Thailand Digital Arrival Card- TDAC) စနစ်ကို မေလ ၁ ရက်မှ စတင်ကာ ကျင့်သုံးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သိရပါတယ်။
ထိုင်းနိုင်ငံသို့ မည့်သည့်လမ်းကြောင်း မှမဆို ဝင်ရောက်လာမည့် နိုင်ငံခြားသားများအနေနဲ့ ထိုင်းနိုင်ငံဆိုက်ရောက်ကတ် (Thailand Digital Arrival Card) ဖြည့်သွင်းရမှာ ဖြစ်ကြောင်းသိရပါတယ်။
ထိုင်းနိုင်ငံဆိုက်ရောက်ကတ် သည် ယခင်က စာရွက်ပေါ်မှာ ဖြည့်သွင်းရတဲ့ TM6 form ကို အချိန်ကုန် သက်သာအောင် Digital ပြောင်းလိုက်တာပဲ ဖြစ်ပါတယ်။
ထိုကတ်ကို ထိုင်းနိုင်ငံသားတွေနဲ့ ထိုင်းနိုင်ငံအတွင်းသို့ မဝင်ဘဲ ထိုင်းနိုင်ငံကနေတစ်ဆင့် transit နဲ့ အခြား နိုင်ငံသွားမည့်သူများ ဖြည့်သွင်းရန် မလိုကြောင်း သိရပါတယ်။
ခရီးသွားများအနေဖြင့် အဆိုပါစနစ်အတွင်း ဖြည့်သွင်းရမည့် အချက်အလက်များမှာ ခရီးသွားလာရေး အထောက်အထားများ၊ ပြည်ဝင်ခွင့်ပတ်စ်ပို့ဆိုင်ရာ အချက်အလက်၊ ကိုယ်ရေးအချက်အလက်၊ ထိုင်းနိုင်ငံအတွင်းသို့သွားရောက် လည်ပတ်မည့်အစီအစဉ်များ၊ တည်းခို နေထိုင်ရေးဆိုင်ရာအချက်အလက်များနှင့် ကျန်းမာရေးဆိုင်ရာအချက် အလက်များ စတာတွေပါဝင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
ထိုင်းနိုင်ငံသို့ မလာရောက်မီ ၃ ရက်ခန့် ကြိုတင်၍ ဒစ်ဂျစ်တယ်ဆိုက်ရောက်ကတ်အား အွန်လိုင်းမှတစ်ဆင့် ဖြည့်သွင်းထားရမှာဖြစ်ပြီး၊ ထိုဆိုက်ရောက်ကဒ်အား ကြိုတင်ဖြည့်သွင်းထားရုံဖြင့် ထိုင်းနိုင်ငံ လဝကဆိုင်ရာလုပ်ငန်းစဉ်များအား ပိုမိုချောမွေ့စေပြီး ခရီးသွားလာရ ပို၍လွယ်ကူစေမည်ဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews