
(စီးပွားရေး) ဧပြီ ၂၃
မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းမန္တလေးငလျင် ကြီးကြောင့် ပျက်စီးချို့ယွင်းခဲ့သည့် စက်သုံးဆီအရောင်းဆိုင်အချို့အား အမြန်ပြန်လည် ပြင်ဆင်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ရက်သတ္တပတ်(၁)ပတ်စာခန့် အရန်စက်သုံးဆီရှိတဲ့အပြင် ပြည်ပကစက်သုံးဆီတင်သင်္ဘောတွေလည်း အဆက်မပြတ်ဝင်ရောက်နေတာကြောင့် ပြတ်လပ်မှုမဖြစ်နိုင်ဘူးလို့ သတင်းထုတ်ပြန်ပါတယ်။
စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်မယ်လို့ စိုးရိမ်စိတ်နဲ့ မလိုအပ်ဘဲတန်းစီဝယ်ယူတာတွေနဲ့ အပိုသိုလှောင်ထားတာတွေမပြုလုပ်ကြပါဖို့ လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲကြပါဖို့ကို စွမ်းအင်ဝန်ကြီးဌာနက အများပြည်သူကို မတ်လ ၃ဝ ရက်နေ့က အသိပေးနှိုးဆော်ခဲ့တယ်လို့ သိရပါတယ်။
အများပြည်သူရဲ့ ပူးပေါင်းပါဝင်မှု၊ စက်သုံးဆီအသင်းနဲ့ သိုလှောင်ကန်စခန်း၊ အရောင်းဆိုင်နဲ့ ဆီဘောက်ဆာ လုပ်ငန်းရှင်တို့ရဲ့ ၂၄ နာရီ အချိန်ပြည့် နားရက်မရှိ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် စက်သုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းတွေ ပုံမှန်အခြေအနေအတိုင်းဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း သိရပါတယ်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တဲ့ နေရာဒေသတွေမှာ ဆောင်ရွက်နေတဲ့ကူညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အရောင်းဆိုင်တွေက တိုက်ရိုက်နဲ့နေရာအရောက်လုံလောက်စွာဖြန့်ဖြူးရောင်းချပေးနေသလို ပရဟိတအသင်းအဖွဲ့တွေကို စက်သုံးဆီလှူဒါန်းတာတွေလည်း ဆောင်ရွက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အရန်ဆီအနေနဲ့ (၂)ပတ်စာခန့် သိုလှောင်ထားရှိနိုင်ပြီး အရောင်းဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်နေပြီး စက်သုံးဆီရောင်းဈေးနှုန်းဟာလည်း တစ်လီတာကို ကျပ် ၂၀၀ ကနေ ကျပ် ၃၀၀ ခန့် အထိ ကျဆင်းခဲ့တာကြောင့် အများပြည်သူအနေနဲ့ စိတ်ချမ်းသာစွာနဲ့ ဝယ်ယူသုံးစွဲလျက်ရှိတယ်လို့ သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။