(ပြည်တွင်း) ဧပြီ ၂၀
မန္တလေးငလျင်ကြီးကြောင့် Naypyitaw State Academy ရှိသင်ကြားရေးအဆောင်များအား ဇွန်လ ကျောင်းစတင်ဖွင့်လှစ်ချိန်မတိုင်မီ အပြီးပြုပြင်သွားရန် နစက ဒုတိယဥက္ကဋ္ဌကမှာကြားခဲ့ကြောင်း သိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy ထိခိုက်ပျက်စီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအားမှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Naypyitaw State Academy ရှိ ဘွဲ့လွန်နှင့်အုပ်ချုပ်မှုဆိုင်ရာ ပင်မဆောင်အခြေအနေ၊ ဆေးပညာသင်ကြားရေးအဆောင်၊ စီးပွားရေးပညာသင်ကြားရေးအဆောင်၊ ဝိဇ္ဇာနှင့်သိပ္ပံပညာသင်ကြားရေးအဆောင်(၂)ဆောင်နှင့်စီးပွားရေးနှင့်လူမှုရေးပညာသင်ကြားရေးအဆောင်တို့၏ ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပင်မ Columnတိုင်နှင့် Beam တို့အား စစ်ဆေးချက်အရ ထိခိုက်မှု လုံးဝမရှိဘဲ အဆောင်လိုက် အုတ်နံရံအချို့ ပလာစတာ ကွဲအက်၊ ကွာကျနေခြင်းသာ ရှိ၍ ဇွန်လ ကျောင်းစတင်ဖွင့်လှစ်ချိန်မတိုင်မီ အပြီးပြုပြင်သွားရန်မှာကြားခဲ့ကြောင်းသိရသည်။
Naypyitaw State Academy အတွင်းရှိဆောက်လုပ်ဆဲ ဘွဲ့နှင်းသဘင်ခန်းမနှင့် ဆောက်လုပ်ဆဲ (၆)ထပ် ဆောင်တို့အား ကြည့်ရှုစစ်ဆေးရာ အင်ဂျင်နီယာအသင်းချုပ်၊ အင်ဂျင်နီယာကောင်စီနှင့် ငလျင် ပညာရှင်များ၏စစ်ဆေးချက်အရ ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်းသိရသည်။
Naypyitaw State Academy အတွင်းရှိ ဆောက်လုပ်ပြီး အဆောက်အဦများနှင့်ဆောက်လုပ်ဆဲ အဆောက်အဦများအား ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာ သတ်မှတ် SOP အတိုင်း ရစ်(ခ်)တာစကေး ၇ ခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသစ်ပြန်လည်ရေးဆွဲလျက်ရှိသည့်ရစ်(ခ်)တာစကေး ၈ အထိ ခံနိုင်သည့် အဆောက်အဦ ဒီဇိုင်းပုံစံအတိုင်း ဆောက်လုပ်နိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပေါင်းစပ်ညှိနှိုင်း၍ဆောင်ရွက်သွားရန် နစက ဒုတိယ ဥက္ကဋ္ဌမှ မှာကြားခဲ့ကြောင်း သိရသည်။
#PAN