(အားကစား) ဧပြီ ၁၅

အမျိုးသမီးချန်ပီယံများဖလားပြိုင်ပွဲ (FIFA Women’s Champions Cup) ကို ၂၀၂၆ ခုနှစ်နှင့် အမျိုးသမီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ (FIFA Women’s Club World Cup) ကို ၂၀၂၈ ခုနှစ်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အ တည်ပြုထုတ်ပြန်ခဲ့ပါတယ်။
ဖီဖာကောင်စီအစည်းအဝေးမှာ အဆိုပါပြိုင်ပွဲနှစ်ခုကျင်းပရန်အတည်ပြုခဲ့ပြီး အမျိုးသမီးကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲကို မူလက ၂၀၂၆ ခုနှစ်တွင် စတင်ကျင်းပရန် စီစဉ်ထားသော်လည်း ၂၀၂၈ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ပါတယ်။
ဖီဖာ၏ ထုတ်ပြန်မှုအရ အမျိုးသမီးချန်ပီယံများဖလားပြိုင်ပွဲကို ၂၀၂၆ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲကိုမူ ၂၀၂၈ ခုနှစ်မှစ၍ လေးနှစ်တစ်ကြိမ် ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။
အမျိုးသမီးချန်ပီယံများဖလားပြိုင်ပွဲတွင် ဥရောပ၊ အာရှ၊ တောင်အမေရိက၊ ကွန်ကာကပ်ဖ်၊ အာဖရိက၊ သမုဒ္ဒရာပိုင်း စတဲ့ ဇုန်တစ်ခုစီမှ ကလပ်တစ်သင်းစီ ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်ပြီး ပထမအကြိမ်ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမှာဖြစ်ပါတယ်။
အမျိုးသမီးကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇုန်ခြောက်ခုမှ ကလပ်အသင်း ၁၆ သင်းနဲ့ ကျင်းပမှာဖြစ်ပြီး ဥရောပဇုန်က တိုက်ရိုက်ငါးနေရာနှင့် Play-in ကစားခွင့်တစ်နေရာ၊ အာရှ၊ အာဖရိက၊ ကွန်ကာကပ်ဖ်နှင့် တောင်အမေရိကဇုန်က တိုက်ရိုက်နှစ်နေရာစီနှင့် Play-in ကစားခွင့် တစ်နေရာစီ၊ သမုဒ္ဒရာပိုင်း မှာမူ တိုက်ရိုက်ဝင်ခွင့်မရဘဲ Play-in ကစားခွင့် တစ်နေရာသာ ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။
၁၆ သင်းကို လေးသင်းတစ်အုပ်စုနဲ့ အုပ်စုပတ်လည်ယှဉ်ပြိုင်စေပြီး အမှတ်အများဆုံးနှစ်သင်း ကွာတားဖိုင်နယ်သို့ တက်ရောက် ခွင့်ရမှာဖြစ်ပြီး ယင်းပြိုင်ပွဲကို ၂၀၂၈ ခုနှစ် ဇန်နဝါရီ-ဖေဖော်ဝါရီတွင် ကျင်းပရန်လျာထားကြောင်းနှင့် အိမ်ရှင် နိုင်ငံကို ထပ်မံရွေးချယ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။
Telegram»…
https://t.me/positiveanglenews