(ပြည်တွင်း) ဧပြီ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး နှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)ရှိ ဆေးကုသဆောင်များနှင့် ဝန်ထမ်းအိမ်ရာများ၌ ငလျင်ကြီးလှုပ်ခတ်မှုဖြစ်ပွားစဉ် ထိခိုက်ပျက်စီးခဲ့ရမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် ဆေးရုံကြီးအတွင်းရှိ ဆေးကုသဆောင်များ၊ အထူး ကြပ်မတ်ကုသဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ ခွဲစိတ်ကုသဆောင်များအား လှည့်လည်ကြည့်ရှု၍ ငလျင်ဒဏ်ကြောင့် အဆောက်အဦထိခိုက်ပျက်စီးခဲ့မှုများကို ကြည့်ရှု စစ်ဆေးရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့မှုများအား ဆောက်လုပ်ရေးပညာရှင်များဖြင့် စနစ်တကျ စစ်ဆေး၍ ပြုပြင်၍ရနိုင်သည့်အဆောက်အဦများကို ပြန်လည်ပြုပြင်ခြင်း၊ ပြုပြင်၍မရနိုင်သည့် အန္တရာယ်ရှိအဆောက်အဦများကို ဖြိုချဖျက်ဆီး၍ အသစ်ပြန်လည် တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦများဆောက်လုပ်ရာတွင် အဆောက်အဦတည်ဆောက်မှုတာဝန်ခံ အင်ဂျင်နီယာများ၊ ပြန်လည် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရေ/မီးပိုင်းဆိုင်ရာတာဝန်ခံများအနေဖြင့် အချင်းချင်းပေါင်းစပ်ညှိနှိုင်း၍ စနစ်တကျတည်ဆောက်သွားရန် လိုအပ် မည်ဖြစ်ပြီး ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးဒဏ်ခံနိုင်ရေးအတွက်လည်း ထည့်သွင်းတွက်ချက်ဆောက်လုပ်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးဒဏ်တွင်ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦများကို စိစစ်ခဲ့မှုများအရ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်သတ်မှတ်ထားသည့် စံချိန်စံညွှန်း များအတိုင်း ဆောက်လုပ်ခဲ့ခြင်းမရှိသဖြင့် ယခုကဲ့သို့ ပေးဆပ်မှုတန်ဖိုးများကြီးမားခဲ့ရခြင်းဖြစ်သည်ကို သင်ခန်းစာဖော်ထုတ်ရရှိခဲ့ရကြောင်း၊ ထို့ကြောင့်အဆောက်အဦများ တည်ဆောက်ရာတွင် တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့်ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)ရှိ ဆေးကုသဆောင်များ၌ ငလျင်ဒဏ်ကြောင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုများ များပြားခဲ့သဖြင့် ဆေးရုံကို ဇေယျာသီရိမြို့နယ် ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံသို့ ယာယီပြောင်းရွှေ့ဖွင့်လှစ်၍ ဆေးဝါးကုသမှုများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews