(ပြည်တွင်း) မတ် ၃၁
မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ထိခိုက်ခံစားရတဲ့ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက် ပြည်ခိုင်ဖြိုးပါတီက နိုင်ငံတော်ကို ငွေကျပ်သိန်း ၃ ထောင်လှူဒါန်းသွားမယ့်အပြင် ငလျင်ဘေးဒဏ်ခံစားခဲ့ရတဲ့ တိုင်းဒေသကြီး ၃ ခုမှာ ကူညီမှုတွေလုပ်ဆောင်နိုင်ဖို့ ကျပ်သိန်း ၁၀၀၀ စီပေးပို့သွားမယ်လို့ သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှာ ဒီနေ့ မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းကကျင်းပပြုလုပ်တဲ့ သဘာဝဘေးဆိုင်ရာ ကူညီထောက်ပံ့ရေး အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုလိုလှူဒါန်းသွားမှာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက PAN ကိုပြောပါတယ်။

“ဒီနေ့မနက် ပါတီဌာနချုပ်မှာပြုလုပ်တဲ့ သဘာဝဘေးဆိုင်ရာကူညီထောက်ပံ့ရေး အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် ငွေကျပ် သိန်းသုံးထောင်ကို နိုင်ငံတော်ကိုပေးအပ် လှူဒါန်းသွားမှာဖြစ်သလို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးပြည်ထောင်စုနယ်မြေတွေက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေ လတ်တလောလိုအပ်နေတဲ့ ရေနဲ့ အစားအသောက်အပါအဝင် အခြားလိုအပ်တဲ့ ကိစ္စရပ်တွေကို ကူညီထောက်ပံ့ဖို့ ပါတီဗဟိုဌာနချုပ်က သက်ဆိုင်ရာဒေသအလိုက် ပြည်ခိုင်ဖြိုးပါတီတွေကို ငွေကျပ် သိန်းတစ်ထောင်စီ ကူညီထောက်ပံ့ပေးသွားမှာပါ” လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။

အင်အားပြင်းမှုအပြီး ငလျင်လှုပ်ခတ်မှုတွေမငြိမ်သက်သေးတဲ့ နောက်တနေ့မှာပဲ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေဟာ ဘေးဖြစ်ပွားရာဒေသတွေက ဘေးဒဏ်သင့်ပြည်သူတွေကို နှစ်သိမ့်အားပေးမှုတွေပြုလုပ်ခဲ့တဲ့အပြင် လတ်သလော လိုအပ်ချက်တွေကို ကူညီပေးခဲ့ကြသလို ကူညီမှုတွေဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ပြည်ခိုင်ဖြိုးပါတီထံက သိရပါတယ်။
#PAN #ငလျင် #ပြည်ခိုင်ဖြိုး