(ပြည်တွင်း) မတ် ၂၈
ယနေ့ ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးသော မန္တလေးမြို့၏အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ရှားသွားခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ် ၃ ခုခန့် လှုပ်ရှားခဲ့ကြောင်း သိရသည်။

အဆိုပါပြင်းထန်သည့်ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်သည့် နေရာများကိုအရေးပေါ်အခြေအနေအဖြစ် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ကြေညာထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါဒေသများ၌ ပျက်စီးဆုံးရှုံးမှုများအား အလျင်အမြန် စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောလျင်စွာဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ဟု နစက က ပြောသည်။
လိုအပ်သည့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိစေရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အချိန်မီရရှိလာသောသတင်းများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီကအချိန်နှင့်တစ်ပြေးညီ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်သည်။ ပြည်သူလူထုအနေဖြင့်ဖြစ်ပေါ်လာနိုင်သည့် ကောလဟလများအပေါ် သတိထားဆင်ခြင်နိုင်ပါရန်နှင့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ ဒေသ ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါရန် တိုက်တွန်းထုတ်ပြန်အပ်ထားသည်။
#PAN