(မှုခင်း) မတ် ၁၃
မန္တလေးတိုင်းဒေသကြီး ၊ပုသိမ်ကြီးမြို့နယ်၊ရန်ကင်းသာယာရပ်ကွက်ရှိ အငြိမ်းစား မိသားစုဝင်များ နေထိုင်သည့် နေအိမ်တစ်လုံး အနုကြမ်းစီး ဓားပြတိုက်ခံရကြောင်း သိရသည်။

အသက် ၂၀နှစ်ခန့် အမည်မသိအမျိုးသား ၂ဦးနှင့် အမျိုးသမီး ၁ဦးတို့သည် နံပါတ်နှင့်အမျိုးအစားမမှတ်မိဆိုင်ကယ် ၂ စီးဖြင့် မတ်လ ၁၁ ရက်နေ့ ညနေ၅နာရီအချိန်ခန့်က ရောက်ရှိလာပြီး ပါဆယ်လာပို့ခြင်းဖြစ်ကြောင်း၊ လက်မှတ်ထိုး၍ လက်ခံပေးရမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် အိမ်ရှင် အမျိုးသမီးမှ ခြံတံခါးအားဖွင့်ပေးခဲ့ရာမှ အနုကြမ်းစီး ဓားပြတိုက်ခံရခြင်းကြောင်း သိရသည်။
ဦးခင်ထွန်း၊၇၈နှစ်၊(ဘ)ဦးဘထွန်း၊(မော်ကွန်း ထိန်း-ငြိမ်း၊ပုသိမ်ကြီးမြို့နယ် သမဝါယမကောလိပ်)၊ဒေါ်မြင့်မြင့်တင်၊၆၉နှစ်၊(ဘ)ဦးဖိုးသောင်း (ဦးစီးအရာရှိ-ငြိမ်း၊ပုသိမ်ကြီးမြို့နယ် သမဝါယမကောလိပ်)နှင့် သမီးဖြစ်သူ မခင်ချမ်းမြေ့၊၃၂နှစ်၊(ဘ)ဦးခင်ထွန်း၊(Admin Manager Brainbox ပုဂ္ဂလိကစီမံစီးပွားကျောင်း၊မြို့သစ်-၁ရပ်ကွက်၊ချမ်းမြသာစည်မြို့နယ်)တို့ ၃ ဦးသည် နေအိမ်တွင်ရှိနေစဉ် အမည်မသိ ၃ ဉ၏ဦးမှ ယင်းကဲ့သို့ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အနုကြမ်းစီး ဓားပြတိုက်သူများမှာ နေအိမ်အတွင်း ရောက်ရှိချိန်တွင် အမည်မသိအမျိုးသမီးမှ နေအိမ်တံခါးမကြီးအားပိတ်ကာ ကျန်အမည်မသိအမျိုးသားမှ ဦးခင်ထွန်း၊ဒေါ်မြင့်မြင့်တင်နှင့် မခင်ချမ်းမြေ့တို့၏ပါးစပ်အား တိတ်ဖြင့်ပိတ်စည်း၍ နေအိမ်အောက်ထပ် အိပ်ခန်းအတွင်းရှိ ဗီဒိုအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ ၆ ကျပ်သားခန့်(တန်ဖိုး ငွေကျပ်သိန်း ၃၉၀,၀ ကျပ်ခန့်)နှင့် မြန်မာငွေစက္ကူရောရာ ၆၀၀,၀၀၀ ကျပ် တို့အားယူဆောင်ခဲ့ဟု သိရသည်။
ဖြစ်စဥ်တွင် အမည်မသိအမျိုးသမီးမှ လက်နက်အား ကိုင်ဆောင်ထားပြီး ကျန်အမျိုးသား ၂ဦးမှာ ဓါးဦးချွန်များ ကိုင်ဆောင်ထားကာ အမျိုးသား ၁ဦးမှ ဦးခင်ထွန်းနှင့် မခင်ချမ်းမြေ့တို့အား ဓါးနှောင့်ဖြင့်ထုနှက်ခဲ့၍ ဦးခင်ထွန်းတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ ၂ချက်၊ ဝဲ-ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)တို့ရရှိခဲ့ပြီး မခင်ချမ်းမြေ့တွင် နှုတ်ခမ်းဖူးရောင်ဒဏ်ရာ၊ ဦးခေါင်းနာကျင်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ပုသိမ်ကြီးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်း၊အမည်မသိအမျိုးသား ၂ဦးနှင့် အမျိုးသမီးတို့သည် ရွှေထည်ပစ္စည်းနှင့် ငွေစက္ကူများအား ယူဆောင်၍ စည်သာယာကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်းသိရှိရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ နယ်မြေအတွင်း ပိတ်ဆို့စုံစမ်းရှာဖွေခဲ့ကြောင်း သိရသည်။
#PAN #မန်တလေး #ဓားပြတိုက်မှုဖြစ်ပွား #အငြိမ်းစားဝန်ထမ်း #ပုသိမ်ကြီးမြို့နယ်