အသည်းရောင်အသားဝါ(အေ)ရောဂါပိုးနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားချက်

(ကျန်းမာရေး) မတ် ၅

အသည်းရောင်အသားဝါ(အေ)ရောဂါပိုးနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားချက်

(ကျန်းမာရေး) မတ် ၅

မေး။ အသည်းရောင်အသားဝါ(အေ)ရောဂါပိုးနဲ့ပတ်သက်ပြီး ကူးစက်ပြန့်ပွားမှုကြိုတင်ကာကွယ်ဖို့

ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မနေ့ကစာထုတ်သတိပေးထားတာတွေ့ရပါတယ်။ အခု လက်ရှိလည်း ရန်ကုန်မှာ ကူးစက်ခံထားရသူတွေ ရှိနေသလို ဆေးရုံဆေးခန်းတချို့မှာလည်း သတိပေးနေကြတာတွေ တွေ့ရပါတယ်။ ဒီအခြေအနေအရ အသည်းရောင်အသားဝါအေပိုး ကူးစက်ပြန့်ပွားမှုနဲ့ပတ်သက်ပြီး စိုးရိမ်နေရပြီလား။ ဘယ်လိုအခြေအနေမျိုးလို့ ပြောလို့ရနိုင် ပါသလဲခင်ဗျာ။

ဖြေ။ အသည်းရောင်အသားဝါဗိုင်းရပ်စ်ပိုး အမျိုးအစား (အေ)၊ (ဘီ)၊ (စီ)၊ (ဒီ)နှင့် (အီး) ဟူ၍ (၅)မျိုးရှိရာတွင် အသည်းရောင်အသားဝါ(အေ)နှင့် (အီး) ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွား သည့် အသည်းရောင်အသားဝါ ရောဂါသည် မသန့်ရှင်းသော အစားအစာနှင့် ရေတို့မှ တစ်ဆင့်သော်လည်းကောင်း၊ ရောဂါပိုးရှိသူလူနာအား အနီးကပ်ထိတွေ့ခြင်းနှင့် ပြုစုခြင်းတို့ မှ သော်လည်းကောင်း အလွယ်တကူ ကူးစက်တတ်ပြီး ရောဂါကူးစက်မှုသည်လျင်မြန်စွာ ကူးစက်နိုင်ပါသည်။

အသည်းရောင်အသားဝါ (အေ)ရောဂါ ဖြစ်ပွားသူအားလုံးနီးပါးသည် ပြန်လည်ကောင်းမွန် လေ့ရှိပြီး အသည်းရောင်အသားဝါရောဂါ (ဘီ)နှင့် (စီ)တို့ကဲ့သို့ နောက်ဆက်တွဲ နာတာရှည် အသည်းရောင်ရောဂါ၊ အသည်းကြွပ်ရောဂါနှင့် အသည်းကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြေ မရှိပါ။ လူနာအနည်းစုတွင်သာလျှင် အသည်းရောင်အသားဝါ(အေ)ရောဂါကြောင့် ပြင်းထန် အသည်းရောင်ခြင်းဖြစ်ပွားပြီး .. နောက်ဆက်တွဲ ရုတ်တရက် အသည်းပျက်စီးခြင်းကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။

မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါ(အေ)နှင့် (အီး) ရောဂါဖြစ်ပွားမှုများ နှစ်စဉ်ရှိပြီး ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် ဆေးရုံများ၌ အသည်းရောင်အသားဝါရောဂါဖြစ်ပွားသူ အတွင်းလူနာနှင့် ပြင်ပလူနာများအား ကုသမှုပေးခဲ့သည်များ ရှိခဲ့သော်လည်း အစုလိုက်၊ အပြုံလိုက် ကပ်ရောဂါကဲ့သို့ အများအပြား ကူးစက်ဖြစ်ပွားမှုများ မတွေ့ရှိခဲ့ရပါ။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/

ပြည်နယ်အားလုံးတွင် အသည်းရောင်အသားဝါရောဂါ စောင့်ကြပ်ကြည့်ရှုသတင်းပေးပို့မှု စနစ်အရ အသည်းရောင်အသားဝါ ရောဂါ (အေ) ဖြစ်ပွားသူလူနာ ရှိ၊ မရှိ စောင့်ကြည့်ရာတွင်လည်း အစုလိုက်၊ အပြုံလိုက် ကပ်ရောဂါအသွင် ဖြစ်ပွား ကူးစက်မှုများ မရှိကြောင်း တွေ့ရှိရပါသည်။

ဝန်ကြီးဌာနအနေဖြင့် အသည်းရောင်အသားဝါ (အေ) ရောဂါဖြစ်ပွားသူ လူနာတစ်ဦး ဆေးရုံ တက်ရောက်ရပါက လူနာနှင့်အတူနေမိသားစုဝင်များ၊ အိမ်နီးချင်းများနှင့် ရပ်ကွက်၊ ကျေးရွာ များအတွင်း အလားတူ အသည်းရောင်အသားဝါရောဂါဖြစ်ပွားသူ လူနာရှိ၊ မရှိ ရှာဖွေစုံစမ်း ဖော်ထုတ်ခြင်း၊ လူနာများစားသုံးခဲ့သည့် စားသောက်ဆိုင်များအား စစ်ဆေး၍ အစားအစာနမူနာများရယူ၍ ဓာတ်ခွဲစစ်ဆေးခြင်း၊ သောက်သုံးရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး တို့နှင့်ပတ်သက်၍ စစ်ဆေးပညာပေးခြင်း၊ သောက်သုံးရေများအား ကလိုရင်း ဆေးခတ်ခြင်း နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအပါအဝင် ရောဂါကူးစက်မှုမှ ကာကွယ်ရမည့် နည်းလမ်းများ အား ကျန်းမာရေးအသိပညာပေးခြင်းတို့ကို အချိန်နှင့်တပြေးညီတုံ့ပြန် ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် အသည်းရောင် အသားဝါရောဂါ (အေ) ဖြစ်ပွားကူးစက်မှုသည် စိုးရိမ်ဖွယ် ရာအခြေအနေတွင်မရှိပါ။

အသည်းရောင်အသားဝါ (အေ) ရောဂါဖြစ်ပွားသူ လူနာ၏ မစင်တွင် ရောဂါပိုးများသည် ၎င်း ရောဂါသက်သာပျောက်ကင်းပြီး (၁၀)ရက်ခန့်အထိ ပါဝင်နိုင်သည့်အတွက် လူနာများ သက်သာ ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးနောက် အိမ်တွင် အနီးကပ်ပြုစုစောင့်ရှောက်သူများအား ရောဂါကူးစက်နိုင်ခြေရှိသည့်အတွက် ရောဂါကာကွယ်ရေးနည်းလမ်းများကို အထူးဂရုပြု ဆောင်ရွက်ရန် အရေးကြီးပါသည်။ ရောဂါနောက်ဆက်တွဲအနေဖြင့် ရုတ်တရက် အသည်း ပျက်စီးမှုကြောင့် အသက်အန္တရာယ်ထိခိုက်မှုမှ ကာကွယ်နိုင်ရန် ရောဂါသံသယလက္ခဏာ များ ခံစားရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း ပြသရန်လိုအပ်ပါသည်။

အသည်းရောင်အသားဝါ (အေ)ရောဂါသည် ကူးစက်ဖြစ်ပွားလွယ်သည့်အတွက် ပြည်သူလူထု အနေဖြင့် ရောဂါကူးစက်မှုမှကာကွယ်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အောက်ပါ ရောဂါကာကွယ်ရေးနည်းလမ်းများကို လူတစ်ဦးချင်းမှ လိုက်နာဆောင်ရွက်ရန် အထူးအရေးကြီးပါသည် –

တစ်ကိုယ်ရေသန့်ရှင်းရေးသတိပြုပါ လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောခြင်း ကို အစားအစာများကို မကိုင်တွယ်မီ၊ မချက်ပြုတ်မီ၊ အစာမစားမီနှင့် အိမ်သာအသုံးပြု ပြီးတိုင်း ဆောင်ရွက်ပါ၊

အစားအစားများအား ပူပူနွေးနွေးစားသုံးပါ။

အစားအစာများအား မချက်ပြုတ်မီ သန့်ရှင်းသောရေဖြင့် စင်ကြယ်စွာဆေးကြောပါ၊

ဆူပွက်သည်အထိကျိုချက်ထားသည့်ရေ သို့မဟုတ် ရေသန့်စင်ဆေးပြား အသုံးပြု သန့်စင်ထားသည့်ရေ သို့မဟုတ် FDA အသိအမှတ်ပြုရေသန့်ကို သောက်သုံးပါ၊ အစားအစာများအား အစိမ်းစားသုံးခြင်းမှ ရှောင်ကြဉ်ပါ၊

ယင်နားစာများကို စားသုံးခြင်း မှ ရှောင်ကြဉ်ပါ၊

အိမ်သာနှင့် မိလ္လာကန်များ ယိုစိမ့်မှုမရှိစေရန်သတိပြုပါ၊

ယင်လုံအိမ်သာ သုံးစွဲပါ၊

ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် အစားအသောက်ရောင်းချသူများတွင် ရောဂါ ဖြစ်ပွားပါက အရေပြားနှင့် မျက်သားဝါပြီးနောက် အနည်းဆုံး ရက်သတ္တပတ်(၂)ပတ် ကြာသည်အထိ အစားအသောက် ကိုင်တွယ်ရောင်းချခြင်းအား ရပ်နားပါ။

မေး။ ဒီရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကူးစက်ပြန့်ပွားမှုမရှိအောင် ဘာတွေ ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါလဲ။ (ဥပမာ ကာကွယ်ဆေးကြိုတင် ထိုးပေးတာ မျိုး)

ဖြေ။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အသည်းရောင်အသားဝါ(အေ)ရောဂါဖြစ်ပွားတာနဲ့ပတ်သက် ပြီး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါဖြစ်ပွားမှုများအား ထိရောက်စွာကုသမှုပေးခြင်းနှင့် ရောဂါဖြစ်ပွားသူများမှတစ်ဆင့် အခြားသူများထံသို့ … ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင် ရွက်ခြင်း၊ သောက်သုံးရေသန့်ရှင်းရေး၊ အစားအစာသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများအား နှီးနွယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း၊ သန့်(၄)သန့် လုပ်ငန်းများနှင့်ပတ်သက်၍ အများပြည်သူတို့အား ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။

မေး။ ရောဂါပိုးကာကွယ်ဆေးက အပြင်ဆေးရုံဆေးခန်းတွေမှာ သိန်းကျော်ရှိနေပါတယ်။ မတတ် နိုင်တဲ့သူတွေက ဆေးမထိုးနိုင်တဲ့အခြေအနေမျိုးဖြစ်နေပါတယ်။ ဒီအတွက်ကို ကျန်းမာရေး ဝန်ကြီးဌာနဘက်ကရော ဘာတွေဆောင်ရွက်သွားဖို့ရှိပါသလဲ။

ဖြေ။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအစီအစဉ်ဖြင့် ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံခြင်းအား ဆောင်ရွက်ပေးရာတွင် အဖြစ်များသည့် ကူးစက် ရောဂါ (၁၃)မျိုးအား ကာကွယ်ရန် ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် အခမဲ့ထိုးနှံ ပေးလျက်ရှိပါသည်။ ထိုသို့ထိုးနှံရာတွင် အသည်းရောင်အသားဝါ (ဘီ)ရောဂါ ကာကွယ်ဆေး သည် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ ပါဝင်ပြီးဖြစ်ပါသည်။ အသည်းရောင်အသားဝါ (အေ) ရောဂါအတွက် ကာကွယ်ဆေးများ ထိုးနှံခြင်းသည် ကောင်းမွန်သည့် ကာကွယ်ရေး နည်းလမ်းဖြစ်သော်လည်း လက်ရှိရောဂါဖြစ်ပွားမှုအခြေအနေအရ အများပြည်သူတို့အနေ ဖြင့် ကာကွယ်ရေးနည်းလမ်းများကိုသိရှိ၍ ကျန်းမာရေးသတိဖြင့် လိုက်နာဆောင်ရွက်ခြင်း သည် အကောင်းဆုံးကာကွယ်ရေးနည်းလမ်းဖြစ်ပါသည်။ မီဒီယာများအနေဖြင့်လည်း ရောဂါ ကာကွယ်ရေးနည်းလမ်းများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ကျန်းမာရေး ဝန်ကြီးဌာနနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

#PAN #အသံရောင်အသားဝါ(အေ)