ရုရှားနိုင်ငံအား တုန့်ပြန်ရန် ပြင်သစ်က ယူကရိန်းစစ်တပ်သို့ တိုက်လေယာဉ်များပေးပို့

(နိုင်ငံတကာ) ဖေဖော်ဝါရီ ၇

ရုရှားအား တုန့်ပြန်ရန် ပြင်သစ်နိုင်ငံမှ ယူကရိန်းစစ်တပ်သို့ Mirage 2000-5 တိုက်လေယာဉ်များ ပေးပို့ခဲ့ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီး Sebastien Lecornu ကဆိုသည်။

Lecornu က လေယာဉ်တွေ ယူကရိန်းကို ဒီနေ့ရောက်ရှိပါပြီ ဟု အရေအတွက်ဖော်ပြမထားပဲ ၎င်း၏ X လူမှုကွန်ယက်တွင် ရေးသားခဲ့သည်။

အဆိုပါတိုက်လေယာဉ်များအား မောင်းနှင်ရန် ယူကရိန်းလေတပ်သားများသည် ပြင်သစ်လေပိုင်နက်တွင် လပေါင်းများစွာ လေ့ကျင့်ပျံသန်းခဲ့ကြောင်းသိရသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် က Mirage 2000-5 ဂျက်လေယာဉ်များကို ယူကရိန်းနှင့် ပြင်သစ်စစ်တပ် ပူးပေါင်းဆောင်ရွက်မှုတစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းသို့ လွှဲပြောင်းပေးကြောင်း ပြီးခဲ့သည့် ဇွန်လတွင် ကြေညာခဲ့သည်။

ပြင်သစ်လွှတ်တော် ဘတ်ဂျက်အစီအရင်ခံစာအရ ပြင်သစ်လေတပ်ပိုင် Mirage 2000-5 လေယာဉ် ၂၆ စင်းကို ယူကရိန်းအတွက် လျာထားကြောင်းသိရသည်။

ပြင်သစ်နေ့စဉ် သတင်းဌာနများ၏ အဆိုအရ ယူကရိန်းလေယာဉ်မှူးနှင့် စက်ပြင်များကို ပြင်သစ်အရှေ့ပိုင်းတွင် လေ့ကျင့်သင်ကြားခဲ့ဟုဆိုသည်။

PAN