(နိုင်ငံတကာ) ဇန်နဝါရီ ၃၁

ယူကရိန်းနိုင်ငံအတွက် ပါဝင်တိုက်ခိုက်ခဲ့သည့် ဩစတြေးလျနိုင်ငံသား ကြေးစားစစ်သားတစ်ဦးအား ဖမ်းဆီးထားပြီး ယခုအချိန်အထိ အသက်ရှင်နေသေးကြောင်း ရုရှားနိုင်ငံက ဩစတြေးလျအစိုးရအား အသိပေး ထားကြောင်း သိရသည်။
အော်စကာဂျန်ကင်အမည်ရှိ ဩစတြေးလျကြေးစားစစ်သည်အား ရုရှားပိုင်နက်အတွင်း၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းသည် ပုံမှန်အခြေအနေတွင်ရှိနေကြောင်း ရုရှားသံအမတ် အလက်ဆီပက်လော့စကီ က ဩစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
အသက် ၃၂ နှစ်အရွယ် အော်စကာဂျန်ကင် သည် ယူကရိန်းဘက်မှ ဝင်ရောက်တိုက်ခိုက်နေရင်း ပြီးခဲ့သည့် နှစ်အတွင်းက ပျောက်ဆုံးသွားခြင်းဖြစ်သည်။ သို့ရာတွင် ၎င်းအား ရုရှားကဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းထားသည့် ဗီဒီယိုပြကွက်တစ်ခုကို ရုရှားအစိုးရက ဒီဇင်ဘာလအတွင်း၌ ဖော်ပြခဲ့သည်။
ရုရှားအစိုးရ၏ အသိပေးချက်ကို ဩစတြေးလျနိုင်ငံက လက်ခံရရှိကြောင်း၊ ယင်းကိစ္စရပ်နှင့်စပ်လျဉ်း၍ စုံစမ်းလျက်ရှိကြောင်း ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်ဘနီ ကပြောကြားထားသည်။
ရုရှားနိုင်ငံသည် ယူကရိန်းဘက်မှ ဝင်ရောက်တိုက်ခိုက်နေသည့် ပြည်ပနိုင်ငံများမှ ကြေးစားစစ်သား ၇၈၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းနိုင်ခဲ့ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews