စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ကဆုန်လပြည့်နေ့ အခမ်းအနားများ တက်ရောက်

(ပြည်တွင်း) ဧပြီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် လွှတ်တော်ရုံးအကြီးအမှူးတို့သည် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့အထိမ်းအမှတ် အခမ်းအနားများတွင် တက်ရောက်၍ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နံနက် ၇ နာရီခွဲတွင် မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် “သံဃာအပါး (၂၀၀) နှင့် သီလရှင်အပါး (၁၀၀) တို့အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်း အခမ်းအနား” သို့ တက်ရောက်ကာ ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုများ လှူဒါန်းခဲ့ကြသည်။

ထို့နောက် ညနေ ၄ နာရီတွင် မုံရွာမြို့ ကန်သာယာ ရာပြည့်ကပ်ကျော် ဘုရားကြီးရှိ မဟာဗောဓိညောင်ပင်၌ ကျင်းပသည့် “ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲ အခမ်းအနား” သို့ ဆက်လက်တက်ရောက်ခဲ့သည်။

အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုကာ ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဝန်ကြီးများက ဗုဒ္ဓမြတ်စွာဘုရားအား ရည်မှန်း၍ မဟာဗောဓိညောင်ပင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ စုပေါင်းညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။

ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ပင်အား ရေသွန်းလောင်းပူဇော်ခြင်းသည် ဗုဒ္ဓဘာသာဝင်များ အလေးမြတ်ထားရာအခမ်းအနားတစ်ရပ်ဖြစ်သည်။

#PAN