မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းအတွက် စက်သုံးဆီ ဖြန့်ဖြူးပေးနိုင်ရေး ပြင်ဆင်ပြီး

(ပြည်တွင်း) မေ ၁

မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းအတွက် လိုအပ်သည့် စက်သုံးဆီများကို တောင်သူများထံသို့ စနစ်တကျ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်နေသော်လည်း ပြည်တွင်းတွင် စက်သုံးဆီကို စနစ်တကျ သုံးစွဲနိုင်ရေး၊ ချွေတာသုံးစွဲနိုင်ရေးနှင့် ဖူလုံမှုရှိစေရေးအတွက် နိုင်ငံတော်၏ လမ်းညွှန်ချက်များနှင့်အညီ ဒစ်ဂျစ်တယ်နည်းပညာများအသုံးပြု၍ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စားနပ်ရိက္ခာဖူလုံရေးအတွက် အရေးပါသော လယ်ယာကဏ္ဍတွင် အသုံးပြုသည့် ဒီဇယ်ဆီ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြင့်တက်မှု လျှော့ချနိုင်ရေးအတွက် ပြည်တွင်းထုတ် ဒီဇယ်ဆီများကို တစ်ဂါလံလျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် တောင်သူများထံသို့ လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် နွေစပါးမြေပြုပြင်ရန် ကျန်ရှိသည့် ဧက ၄၆,၈၈၇ အတွက် လိုအပ်သည့် ဒီဇယ်ဆီများကိုလည်း တောင်သူများထံသို့ တိုက်ရိုက်ရောင်းချပေးခဲ့ပြီး မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် စက်သုံးဆီများကို ဆက်လက် ဖြန့်ဖြူးပေးနိုင်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

တောင်သူများအနေဖြင့် လိုအပ်သည့်အချိန်တွင် လိုအပ်သည့်ပမာဏအတိုင်း စက်သုံးဆီများ ဝယ်ယူနိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စက်သုံးဆီအရောင်းဆိုင်များတွင် စနစ်တကျ စာရင်းရေးသွင်း ရောင်းချနိုင်ရေးကိုလည်း စီမံဆောင်ရွက်ထားသည်။

လက်ရှိတွင် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသော်လည်း ပြည်တွင်းဈေးနှုန်းများ မတက်သွားစေရေးအတွက် နိုင်ငံတော်မှ ကြပ်မတ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အတွင်း စက်သုံးဆီဖူလုံမှုအနေဖြင့် ရက် ၆၀ ခန့် လုံလောက်မှုရှိကြောင်း သိရသည်။ထို့ပြင် စက်သုံးဆီဝယ်ယူသုံးစွဲသူများအနေဖြင့် လိုအပ်သည်ထက်ပိုမို ဝယ်ယူသိုလှောင်ခြင်းမပြုဘဲ လိုအပ်သည့်အချိန်တွင် လိုအပ်သည့်ပမာဏကိုသာ ဝယ်ယူသုံးစွဲရန် တိုက်တွန်းထားပြီး ကဏ္ဍအလိုက် စနစ်တကျ အသုံးပြုနိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မဟုတ်မမှန်သတင်းများနှင့် ကောလဟာလများ ဖြန့်ဝေခြင်းများ ရှိနေသော်လည်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကြောင့် လက်ရှိတွင် စက်သုံးဆီ ဖြန့်ဖြူးမှုများမှာ တည်ငြိမ်၍ ပုံမှန်အခြေအနေတွင် ရှိနေကြောင်း သိရသည်။

#PAN