(ပြည်တွင်း) မေ ၁
ကပ်ရောဂါများအပြင် နိုင်ငံရေးမတည်ငြိမ်မှုများရှိခဲ့သည့် ဒေသအချို့မှ အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုများကို ရင်ဆိုင်ခဲ့ရသည့် ပြည်သူများအတွက် မကြာခင်မှာသတင်းကောင်းများ ကြုံရတော့မှာ ဖြစ်ပါသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၈၈)ကြိမ်မြောက် အလုပ်သမားနေ့ကို သဝဏ်လွှာပို့ ပြောဆိုထားသည်။“အလုပ်သမား” ဟူသောစကားရပ်တွင် ကာယလုပ်သား၊ ဉာဏလုပ်သားများသာမက နိုင်ငံ့ဝန်ထမ်းများပါ ပါဝင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) အပိုဒ်(၂၄)တွင်-“နိုင်ငံတော်သည် အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်” ဟု ပြဋ္ဌာန်းထားသကဲ့သို့ ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်လည်း အလုပ်သမားများအပေါ် ပါတီ၏သဘောထားခံယူချက်ကို အတိအလင်းဖော်ပြထားသည်ဟု ပြည်ခိုင်ဖြိုးပါတီက အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
နှစ်စဉ်မေလ(၁)ရက်နေ့ရောက်တိုင်း အလုပ်သမားများ၏လုပ်အားကို တန်ဖိုးထားအသိအမှတ်ပြုသည့်အနေဖြင့် အလုပ်သမားနေ့ကို ကျင်းပလာခဲ့သည်မှာ ယခုနှစ် ၂၀၂၆ ခုနှစ် မေလ(၁)ရက်နေ့တွင် (၈၈)ကြိမ် ပြည့်မြောက်ခဲ့ပြီဟုဆိုသည်။

အလုပ်သမားများသည် ကာယ၊ဉာဏအားဖြင့် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ကာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေကြသူများဖြစ်သောကြောင့် နိုင်ငံတော်အတွက်အရေးပါသည့် အင်အားကြီးဖြစ်သကဲ့သို့ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများတွင် ရွပ်ရွပ်ချွံချွံဖြင့်ပါဝင်ဆင်နွှဲခဲ့ကြသည့် သမိုင်းအစဉ်အလာကြီးမားသူများလည်း ဖြစ်သည်ဟု ပြောဆိုထားသည်။
ယခုအခါတွင် မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနှောင့်ယှက်ရန် ပြည်ပနိုင်ငံအချို့နှင့် ပြည်တွင်းအဖွဲ့အစည်းအချို့မှ သွေးထိုးလှုံ့ဆော်မှုများ အရှိန်အဟုန်မြင့်ကာ ဆောင်ရွက်နေမှုများကြောင့် နိုင်ငံ၏နေရာဒေသအချို့တွင် တည်ငြိမ်အေးချမ်းမှု ရှိအောင်နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံအတွင်း လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိကြသော အလုပ်သမားများအားလုံး၊ အလုပ်အကိုင်အခွင့်အလမ်းများအား လက်လွတ်ခဲ့ရသော အလုပ်သမားများနှင့် ပြည်ပနေရာဒေသအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသော အလုပ်သမားများအားလုံးတို့သည် မိမိတို့၏အခက်အခဲများကိုသမိုင်းအစဉ်အလာကောင်းများနှင့်အညီ ယခုရင်ဆိုင်ကြုံတွေ့နေရသောအတူတကွ လက်တွဲရင်ဆိုင်၍ ကျော်လွှားသွားကြရမည်ဟု သဝဏ်လွှာဖြင့်တိုက်တွန်းထားသည်။
#PAN