စားသုံးဆီအရည်အသွေးနှင့် စားသုံးရန်သင့်၊ မသင့်ကို MITS ဓာတ်ခွဲခန်းမှာ သွားရောက်စစ်ဆေးနိုင်


(ပြည်တွင်း) ဇန်နဝါရီ ၃၀

စားသုံးဆီ၏ အရည်အသွေးကောင်း/မကောင်း၊ စားသုံးရန်သင့်/မသင့်၊ ကျန်းမာရေးနှင့် ညီညွတ်မှုရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက် (Myanmar Inspection & Testing Services L.td) မန္တလေးဓာတ်ခွဲခန်း၌ သွားရောက်စစ်ဆေးနိုင်ပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးရေးရာဦးစီးဌာနမှ သိရပါတယ်။

ဈေးကွက်အတွင်းမှာ စားသုံးရန်ရောင်းချလျက်ရှိနေတဲ့ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် အခြားဆီအမျိုးမျိုးတို့ကို အဆိုပါဓာတ်ခွဲခန်းမှာ ဓာတ်ခွဲစမ်းသပ်ပေးနေပြီး စားသုံးဖို့သင့်တော်မှုရှိ/မရှိ၊ လတ်ဆတ်မှုရှိ/မရှိ၊ အရည်အသွေးကောင်း/ မကောင်း၊ ကျန်းမာရေးနှင့်သင့်တော်မူရှိ/မရှိကို ဓာတ်ခွဲစမ်းသပ်ကာ သတ်မှတ်ထားတဲ့ ဆီအရည်အသွေးနှင့်ကိုက်ညီပါက အသိအမှတ်ပြု လက်မှတ်(Certificate) ထုတ်ပေးသွားမှာဖြစ်သလို ဓာတ်ခွဲရလဒ်များအပေါ်မူတည်ပြီး ကုန်ကြမ်းပိုင်း ဆိုင်ရာနှင့် ကုန်ချောပိုင်းဆိုင်ရာ ပြင်ဆင်သင့်သည့် အကြံပြုချက်များအားလည်း ထုတ်ပြန်ပေးလျက်လည်း ရှိပါတယ်။

မန္တလေးဓာတ်ခွဲခန်းအနေနဲ့ တစ်နှစ်လျှင် ဆီနမူနာပေါင်း ၁၂ ခုမှ ၁၃ ခုဝန်းကျင်စစ်ပေးခဲ့ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆီနမူနာပေါင်း ၁၃ ခု စစ်ဆေးပေးခဲ့ပြီး မန္တလေးတိုင်းအတွင်းရှိ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ မိတ္ထီလာခရိုင်အတွင်းက ဝါစေ့ဆီများကိုလည်း စစ်ဆေးပေးလျက်ရှိပါတယ်။

မြန်မာပြည်အထက်ပိုင်းရှိ စားသုံးဆီအားလုံးကို မန္တလေးဓာတ်ခွဲခန်းမှာ လာရောက်စစ်ဆေးနိုင်ပြီး စားသုံးရန်သင့်/မသင့်စစ်ဆေးခြင်း၊ ကျန်းမာရေးအတွက် အထူးပြု/မပြုစစ်ဆေးခြင်း၊ ဆီ၏တာရှည်ခံနိုင်မှုနှင့် လတ်ဆတ်မှုကို စစ်ဆေး ခြင်းစသည်တို့ဖြင့် စစ်ဆေးသူ၏ စစ်ဆေးလိုသည့် အကြောင်းအရာပေါ်မူတည်ကာ ဓာတ်ခွဲပမာဏအလိုက် ကုန်ကျစရိတ် ကျသင့်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးရေးရာဦးစီးဌာနမှ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN