(ကျန်းမာရေး) ဇန်နဝါရီ ၁
ကလေးငယ်များအတွက် ပြင်းထန်တီဘီရောဂါကာကွယ်ဆေး ၈ သိန်း doses များကို နိုင်ငံတော်မှ အလုံးစုံ ကုန်ကျခံဝယ်ယူခဲ့ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့လည်ပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရပါတယ်။

ဝယ်ယူထားသော ပြင်းထန်တီဘီရောဂါကာကွယ်ဆေးတစ်ပုလင်းလျှင် ကလေးငယ် ၂၀ ဦး စာ ပါဝင်သည့် ဘီစီဂျီကာကွယ်ဆေး (BCG vaccine) ဆေးပုလင်း ၄၀,၀၀၀ စုစုပေါင်း ကာကွယ်ဆေး ၈၀၀,၀၀၀ (doses) အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲ၊ ဗဟို ကာကွယ် ဆေးသိုလှောင်အအေးခန်း(ရန်ကုန်)သို့ အအေးလမ်းကြောင်းမပျက် ပို့ဆောင်၍ သတ်မှတ်အပူချိန်အတွင်း ထိန်းသိမ်း ထားကြောင်း သိရပါတယ်။
အဆိုပါ ဘီစီဂျီကာကွယ်ဆေး (BCG vaccine) များကို ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်း အစီအစဉ်တွင် အသက်တစ်နှစ်အောက်ကလေးငယ်များအား သတ်မှတ်အရွယ်တွင် ထိုးနှံပေးသွားမှာ ဖြစ်ပြီး ထိုးနှံပေးချိန်၌ ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း(ရန်ကုန်)မှ လေယာဉ်လမ်းကြောင်း၊ ကားလမ်းကြောင်း များ ဖြင့် လိုအပ်ချက်နှင့်အညီ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
နိုင်ငံတစ်ဝန်းလုံးရှိ ကလေးငယ်များ အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေး ၁၃ မျိုးကို ပြတ်လပ်မှုမရှိစေရန်ဝယ်ယူ၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း ဌာနခွဲမှ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရပါတယ်။
#PAN