(မှုခင်း) စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ ဒုတိယလမ်းရှိ PARADISO ရုပ်ရှင်ရုံသစ် ယမန်နေ့ည ၈ နာရီ ၅၅ မိနစ်အချိန်ခန့်က PARADISO 3D အဆင့်မြင့်ရုပ်ရှင်ရုံ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဖျာပုံမြို့နယ်၊ မီးသတ်စခန်းနှင့် ကပ်လျက် အမှတ်(၁၂)ရပ်ကွက်၊ ဒုတိယလမ်းရှိ (၇၀x၅၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း(၁)ထပ် (RC) PARADISO 3D အဆင့်မြင့်ရုပ်ရှင်ရုံ အဆောက်အအုံတွင် မီးလောင်မှုဖြစ်ပွားနေသည်ကို တာဝန်ကျမီးသတ် ကင်းသမားမှ မြင်တွေ့ခဲ့ရသည့်အတွက် ဖျာပုံခရိုင် မီးသတ်ဦးစီးမှူး ဦးစီးသော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၆၀)ဦးတို့သည် ဖျာပုံမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ် (၁)စီး၊ ဖျာပုံခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ကွပ်ကဲမှု ယာဉ်(၁)စီး၊ ကျိုက်လတ်မြို့နယ်၊ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဘိုကလေးမြို့နယ်၊ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဒေးဒရဲမြို့နယ်၊ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မအူင်ခရိုင်မီးသတ်စခန်မှ ကွပ်ကဲမှုယာဉ်(၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ်(၁၃)စီးဖြင့် ထွက်ခွာမီးငြှိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။

ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ရာ မီးသတ်ယာဉ်များမှ ရေဂါလန် (၂၅ဝဝဝ)ခန့် အသုံးပြုခဲ့ပြီး၊ အဆိုပါ မီးလောင်မှုအား ပြည်သူများနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးတို့မှ ပူးပေါင်းဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုအကြောင်းအရင်းမှာ CCTV Adapator အပူလွန်ကဲရာမှ Sound Proof ပြုလုပ်ထားသည့် ရေမြှုပ်ဆိုဖာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ ၎င်းမီးလောင်မှုကြောင့် ဆိုဖာ ထိုင်ခုံ(၂၀၀)လုံး၊ Sound Proof ပြုလုပ်ထားသည့် (၂)လက်မခွဲအထူ (၄x၈)ပေ ရေမြှုပ်ဆိုဖာ (၇၈)ချပ်၊ အမိုးသွပ်များနှင့် အကာသွပ်များ မီးလောင်ကျွမ်းခဲ့ပြီး၊ ဆုံးရှုံးမှုကာလတန်ဖိုး (၅၃၈ဝဝဝဝိ/-) (ကျပ်ငါးဆယ့်သုံးသိန်းရှစ်သောင်း)ခန့်ဆုံးရှုံးခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဒုတိယတာဝန်ခံဖြစ်သူအား ဖျာပုံမြို့မရဲစခန်းမှ ပုဒ်မ၂၈၅၊ ပ-/၂၀၂၄ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေကျွန်းသူ
Telegram»…
https://t.me/positiveanglenews