
(ပညာရေး) ဇွန် ၂၈
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၂၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ပြီးခဲ့သည့် မတ်လအတွင်း ကျင်းပခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ နိုင်ငံခြားစာစစ်ဌာနများအပါအဝင် စာစစ်ဌာနပေါင်း ၈၈၇ ခု၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၅,၂၂၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၄၁ ခုတွင် ကျင်းပခဲ့ပြီး ဖြေဆိုသူ ၃,၃၆၄ ဦးရှိခဲ့သည်။
အောင်စာရင်းထုတ်ပြန်ချက်များအရ မန္တလေးတိုင်းဒေသကြီးသည် တစ်နိုင်ငံလုံးတွင် အောင်မြင်မှုအများဆုံးရရှိခဲ့ပြီး ဝင်ရောက်ဖြေဆိုသူ ၄၅,၆၃၅ ဦးအနက် ၂၈,၃၉၃ ဦး အောင်မြင်ခဲ့ကာ အောင်မြင်မှုရာခိုင်နှုန်း ၆၂ ဒသမ ၂၂ ရာခိုင်နှုန်း ရရှိခဲ့သည်။
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သည် ဝင်ရောက်ဖြေဆိုသူ ၁၁,၈၆၆ ဦးအနက် ၇,၀၇၂ ဦး အောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၅၉ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးအောင်မြင်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ဝင်ရောက်ဖြေဆိုသူ ၄၆,၈၈၉ ဦးရှိသည့်အနက် ၂၃,၂၀၃ ဦး အောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၄၉ ဒသမ ၄၈ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၂၅၅,၂၂၈ ဦးအနက် ၁၃၃,၆၇၃ ဦး အောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင် မှ ဝင်ရောက်ဖြေဆိုခဲ့သည့် အကျဉ်းသားနှင့် အကျဉ်းသူ ၃၆ ဦးစလုံး ရာနှုန်းပြည့်အောင်မြင်ခဲ့ပြီး (၃)ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် ၅ ဦးရှိခဲ့ကာ ကျန် ၂၉ ဦးမှာ ရိုးရိုးအောင်မြင်ခဲ့ကြောင်း သိရသည်။
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း ဝင်ရောက်ဖြေဆိုသူ ၃,၃၆၄ ဦးအနက် ၁,၆၇၄ ဦး အောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း ၄၉ ဒသမ ၇ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။