“မြဝတီမြို့တွင် UID ကတ်အတွက် ကြိုတင်တုံကင်စနစ် ဆောင်ရွက်ပေးမှု ယာယီရပ်ဆိုင်းကြောင်း အသိပေး”


(ပြည်တွင်း) မေ ၁၀
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် UID ကတ်အတွက် ကြိုတင်တုံကင်စနစ် ဆောင်ရွက်ပေးမှုကို မေလ ၈ ရက်‌မှ စတင်ကာ ယာယီဆိုင်းငံ့လိုက်တယ်လို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးမှ အသိပေးထားကြောင်း သိရပါတယ်။
UID ကတ်များ ယာယီရပ်ဆိုင်းထားသော်လည်း ဒေသခံအသက် ၆၅ နှစ်အထက်နှင့် ကျန်းမာရေးမကောင်းတဲ့ လူနာများအတွက် သီးသန့်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကြိုတင်တုံကင်တင်ထားပြီးသူများစာရင်းကို မေလ ၈ ရက် က ကြေညာထားကာ အဆိုပါ ကြေညာထားသူများကိုသာ UID ကတ် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
မြဝတီတစ်မြို့လုံးနီးပါး UID လုပ်ဆောင်လျက်ရှိနေပြီး တန်းစီစောင့်ဆိုင်းနေရခြင်းကြောင့် အမြန်ရရှိရန် ကြားခံပွဲစားများက အခကြေးငွေရယူကာ လုပ်ဆောင်လျက်လည်းရှိပါတယ်။ ဒါ့ကြောင့် ထိုင်း-မြန်မာ နယ်စပ်ဖြတ် ကျော်ခွင့်အတွက် UID စာရွက်လုပ်ဆောင်ပေးရာတွင် နိုင်ငံတော်သို့ အခကြေးငွေ မပေးဆောင်ရသော်လည်း နေပူ ဒဏ်မခံနိုင်ခြင်း၊ တန်းစီစောင့်ဆိုင်းနေရခြင်းနှင့် အမြန်ရလိုခြင်းတို့ကြောင့် ပွဲစားများကြားခံကာ လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် ယခု မေလ ၁ ရက်မှစတင်ပြီး UID ကတ်ပါမှသာ နယ်စပ်ဖြတ်ကျော်ခွင့်ပြုမှာဖြစ်သည့်အတွက် လုပ်ဆောင်သူ ရာနှင့်ချီ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

#PAN