သေနတ်တစ်လက် မြေဖြူတစ်ချောင်းကြားက ဂရုဏာမီးတောက်

ရှစ်ခွင်တိုင်းမှာ လေနုအေးလေးတွေတိုက်ခတ်လို့ မှုန်ပြာပြာတောင်တန်းတွေက မြင်လေရာပြည့်နှက်လို့ လွမ်းမောဖွယ်ကောင်းလှတဲ့ လှပပြည့်စုံတဲ့ ပန်းချီကားတစ်ချပ်ပမာ ချစ်စရာမြို့လေးတစ်မြို့။

ဒီမြို့လေးဟာ သိပ်မကျယ်ပြောလှပေမယ့် ခေတ်မီတိုက်တာတွေ၊ နောက်ဆုံးပေါ် မော်တော်ယာဉ်တွေ၊ စည်ကားလှတဲ့ ဈေးတန်းတွေနဲ့ ပြည့်နှက်ပြီး နယ်ခြားမြစ်လေးဖြစ်တဲ့ သောင်ရင်းမြစ်လေးဟာလည်း မြို့လေးရဲ့ဘေးမှာ ကွေ့ကောက်လှပစွာ ပတ်ခွေရစ်ပတ်ပြီး တသွင်သွင် စီးဆင်းလျက် ရှိနေပါတယ်။

ထိုထိုသောလှပမှုအပေါင်း သဘာဝရှုခင်းတွေနဲ့ ရှုမောဖွယ် သာယာလှတဲ့ မြို့လေးကို ကျွန်တော့်မိသားစု နဲ့အတူ အထက်တန်းပြ ဆရာအဖြစ် ပြောင်းရွှေ့တာဝန် ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ဒီလိုသာယာလှပတဲ့ မြို့လေးမှာ ချစ်ခင်လေးစားစရာ ကောင်းလှတဲ့ အလေ့အကျင့်လေးတစ်ခုကိုလည်း မြင်တွေ့ခဲ့ရတာဟာ အလွန်ပင် အံ့သြဝမ်းသာပီတိဖြစ်ပြီး တာဝန်ထမ်းဆောင်ခွင့်ရခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် ဂုဏ်ယူမိနေပါတော့တယ်။

အမိမြန်မာနိုင်ငံက နယ်မြို့လေးတွေပေါ်မှာ သင်ကြားရေးတာဝန်ကို ထမ်းဆောင်ခဲ့ပေမယ့် ဘယ်မြို့မှာမှ မတွေ့ခဲ့ရတဲ့ အဲဒီအပြုအမူလေးကတော့ တစ်မြို့လုံးရဲ့ လမ်းဆုံ၊ လမ်းခွတိုင်းမှာ အသံချဲ့စက်တွေ တပ်ဆင်ထားတာပဲ ဖြစ်ပါတယ်။

ရောက်ကာစဆိုတော့ အတော်လေး ထူးဆန်းပြီး လေ့လာကြည့်မိတယ်။ ပြောင်းရွှေ့ခဲ့ရချိန်က နွေရာသီကျောင်းပိတ်ရက်ဆိုတော့ မိသားစုနဲ့ အေးအေးဆေးဆေး ဈေးဝယ်ထွက်လာရင်း လှည့်ပတ်ကြည့်ရာကနေ မထင်မှတ်ဘဲ လမ်းဆုံတွေမှာ တပ်ဆင်ထားတဲ့ အသံချဲ့စက်တွေ နံနက် ၉ နာရီ အချက်ပေးသံတွေ ထွက်ပေါ်လာခဲ့ပြီး လမ်းသွားလမ်းလာအားလုံး လှုပ်ရှားမှုတွေ ငြိမ်သက်ရပ်တန့်သွားတာကို ရုတ်တရက် တွေ့မြင်လိုက်ရတော့ ကျွန်တော်တို့မိသားစုလည်း ဘာဖြစ်တာလဲဆိုပြီး အများနည်းတူ ငြိမ်သက်စွာ ရပ်တန့်နေလိုက်မိတယ်။

နာရီထိုးချက်သံပြီးဆုံးတော့မှ အခြေအနေကို သဘောပေါက်နားလည် လိုက်ရပါတော့တယ်။ နာရီထိုးသံအပြီး တစ်မြို့လုံးမှာရှိတဲ့ အသံချဲ့စက်တွေကနေ တစ်ပြိုင်နက်တည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းကို ဖွင့်လှစ်လိုက်ချိန်မှာ လူတန်းစားအလွှာအသီးသီးတို့က တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ အမိနိုင်ငံတော်သီချင်းကို ဆိုညဉ်းနေကြတဲ့ မြင်ကွင်းလေးဟာ ကျွန်တော့်ကို တူန်လှုပ်အံ့သြစေပြီး ဒီမြို့လေးကို ပိုမိုလေးစားချစ်ခင်စိတ် ဖြစ်ပေါ်လာစေခဲ့ပါတော့တယ်။

ဒါပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ညနေပိုင်း ၃ နာရီချိန်ရောက်ရင် ဒီလိုမျိုးနိုင်ငံတော် သီချင်းကို ထပ်မံလွှင့်ပေးပြီး အမိနိုင်ငံတော်ရဲ့ ကျေးဇူးတရားကို တမ်းတတတ်ကြတဲ့ ဒီမြို့လေးဟာ အခုတော့ နိုင်ငံရေးသမားတွေရဲ့ အရောင်အသွေးခွဲခြားမှုကြားမှာ စစ်တလင်းလို ဖြစ်နေတယ်လို့ ကြားရပြန်တော့ ရင်ထဲမှာ အပူမီးတွေ တောက်လောင်နေမိပါတော့တယ်။

အဲဒီလိုချစ်စရာကောင်းတဲ့မြို့လေးမှာ အခုမှ အပူမီးစ လောင်ကျွမ်းခဲ့ရတာ မဟုတ်ပါဘူးလေ။ ဟိုယခင် တာဝန်ထမ်းဆောင်ခဲ့ချိန် လွန်ခဲ့သော ဆယ်စုနှစ်လေးတစ်ခုရဲ့ ပုံရိပ်လေးတွေ ခံစားချက်လေးတွေက ဒီအပူကို ပြန်လည်တောက်လောင်စေခဲ့ပြန်ပြီလေ။

အခုလို နိုင်ငံ ရေးကြောင့် ယုံကြည်ရာကွဲပြားပြီး စစ်ပွဲရဲ့ အနိဌာရုံတွေကို တွေ့မြင်လာရပြီး အမိနိုင်ငံအတွက် အသက်၊ သွေး၊ ချွေး ပေးဆပ်နေရသူတွေကို စော်ကားမော်ကား ပြုမူလာတာတွေ တွေ့မြင်၊ သိကြားလာရတဲ့အခါ ဒီအပူမီးစလေး ပြန်လည်တောက်လောင်ခဲ့မိတော့ပြန်တယ်။ အမိနိုင်ငံရဲ့သစ္စာကို နေ့တိုင်းခံယူတတ်တဲ့ အလေ့အကျင့်ကောင်းလေးတွေကို ပိုင်ဆိုင်ထားတဲ့ အဲဒီမြို့လေးမှာ တာဝန်ထမ်းဆောင်စဉ် အတိတ်က ပုံရိပ်လေးတစ်ခု ပြန်လည်ပုံပေါ်လာခဲ့ပြန်ပြီလေ။

တစ်ခုသော ညနေခင်းလေးမှာ သင်ကြားရေးတာဝန်တွေပြီးဆုံးလို့ မိမိနေထိုင် ရာ အိမ်လေးကို ပြန်အရောက် အဖြူအစိမ်းယူနီဖောင်းလေးမလဲခင် မိတ်ဆွေကျောင်းဆရာတစ်ယောက်က အလုပ်ကိစ္စတိုင်ပင်ဆွေးနွေးဖို့ ဖုန်းခေါ်လာတာနဲ့ ခြံရှေ့လေးမှာ မတ်တပ်ရပ် ဖုန်းလေးပြောဆိုနေစဉ် ဘာရယ်မဟုတ် မျက်စိအကြည့်က ရှေ့တူရှု လူစည်ကားရာလမ်းမကြီးပေါ် ရုတ်တရက်ကြည့်မိစဉ်မှာပဲ စိတ်ဝင်စားစရာ ပုံရိပ်လေးတစ်ချို့ မြင်ကွင်းထဲရောက်လာခဲ့ပါတယ်။

အဲဒီမြင်ကွင်းလေးကတော့ အေးချမ်းပျော်ရွှင်စွာ သွားလာနေကြတဲ့ လူတန်းစားအလွှာအသီးသီး၊ ပူပန်မှု ကင်းစွာ မောင်းနှင်နေကြတဲ့ ခေတ်မီမော်တော်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေကြားမှာ အများတကာလို လှပစွာ ဝတ်စားဆင်ယင်မှုမျိုးမဟုတ်ဘဲ ခပ်လတ်လတ် ယူနီဖောင်းလေးတွေဝတ်၊ လက်ထဲမှာလည်း ဓာတ်ပုံမှန်ဘောင်အချို့နဲ့ စာအုပ်လေးတွေကိုင်ဆောင်လို့ သာမန် လူတွေ လျှောက်လှမ်းနေပုံနဲ့မတူ၊ ခြေလှမ်းနဲ့နဲ့လေးနဲ့ လျှောက်တဲ့သူက လျှောက်၊ ယူနီဖောင်းကို လက်တစ်ဖက်က တွဲလောင်းလေးချပြီး အစိမ်းရောင် ဝတ်စုံလေးတွေကို အတတ်နိုင်ဆုံး ကျကျနနဝတ်ဆင်ကာ ပင်ပန်းနွယ်နယ်တဲ့ မျက်နှာလေးတွေနဲ့ လျှောက်လှမ်းနေတဲ့ လူစုလေးတစ်စုကို မြင်တွေ့လိုက်ရတော့ အံ့သြစွာ ငေးကြည့်နေလိုက်မိတယ်။ အလွှာအသီးသီးက လူတွေ ကိုယ်အင်္ဂါအပြည့်အစုံနဲ့ အေးချမ်းသာယာစွာ သွားလာလှုပ်ရှားနေကြချိန်မှာ သူတို့ကတော့ သူတို့ချစ်တဲ့အမိမြေ၊ သူတို့တန်ဖိုးထားတဲ့ ဘာသာ၊ သာသနာ၊ တိုင်းရင်းသားလူမျိုး ညီကိုမောင်ဘွားတွေအတွက် သူတို့နေ့စဉ် ဦးထိပ်ပန်ဆင်ခဲ့တဲ့ သစ္စာ အဓိဋ္ဌာန်တွေအတွက် ဘယ်သူမှ မမြင်၊ မတွေ့နိုင်တဲ့ တောတောင်တွေကြားမှာ သူတို့ရဲ့ သွေးသံတွေ နီရဲပေကျံနေတဲ့ ကိုယ်အင်္ဂါတွေကို စွန့်လွှတ်ခဲ့ရရှာတဲ့ #ခင်ဗျားတို့ အော်အော်နေတဲ့စစ်ခွေးဆိုတဲ့တိုင်းချစ်ပြည်ချစ်သစ္စာရှင်ကြီးတွေပေါ့ဗျာ။

မြင်တွေ့နေရတဲ့ မြင်ကွင်းလေးကို ကြည့်ရင်းကြည့်ရင်း ကျွန်တော်တွေးမိလိုက်တာက သူတို့တွေဟာ ဘယ်သူတွေ ဘာပြောပြော ဘယ်လောက်စော်ကားစော်ကား သူတို့ချစ်တဲ့ အမိမြေအတွက်၊ တိုင်းပြည်နဲ့ လူမျိုးအတွက်၊ အမိမြေရဲ့ အချုပ်အခြာအာဏာတည်တံ့စေဖို့ အတွက် သူတို့ရဲ့ အသက်ခန္ဓာတွေ၊ ကိုယ်အင်္ဂါတွေကို ပေးဆပ်ရဲခဲ့၊ စတေးခံခဲ့၊ မွန်မြတ်စွာ စွန့်လွှတ်ရဲခဲ့ကြပါတယ်။

ဒါပေမယ့် ဒီလိုပေးဆပ်ရဲသူတွေက အမိမြေအတွက် ပေးဆပ်လို့ မိမိဘဝလုံခြုံနေရတာကို မသိ နားမလည်သူတွေကတော့ ”စစ်ပွဲတွေရပ်”၊ ”စစ်ခွေးတွေ” လို့ အော်ဟစ်ဆူညံပြီး နိုင်ငံရေးသမား အယောင်ဆောင်တွေရဲ့ ဘဝတွေကို မြှင့်တင်ပေးနေရတာမြင်တော့ #ဆရာကြီးအချုပ်တန်းဆရာဖေရဲ့ ”တွေးမိတိုင်း အရိုးနာသည် အမျိုး ဆဲချင်ပေါ့လေး”ကဗျာ စာချိုးလေးကို ပြန်လည် တိုးတိုးလေး ရေရွတ်မိလိုက်မိတော့တယ်လေ။

အဲဒီလို ပေးဆပ်သင့်ချိန် ပေးဆပ်ရဲခဲ့ကြတဲ့အပြင် သူတို့ဟာ သူတို့ရဲ့ ကိုယ်အင်္ဂါတွေ စွန့်လွှတ်၊ အသက်ကို စတေးလို့ ကြိုးပမ်းခဲ့မှုတွေကြောင့် အေးချမ်းစွာနေထိုင်နေကြတဲ့ သူတို့ချစ်တဲ့ ပြည်သူတွေဆီ ရောက်ပြန်တော့လည်း ထိုထိုသောသူတွေဆီမှာ မျက်နှာငယ်စွာ၊ ခယစွာဖြင့် ပင်ပန်းကြီးတဲ့ ခြေလှမ်းတွေနဲ့ လျှောက်လှမ်းသွားလာနေကြရ . . . အောက်ကျို့တဲ့ စိတ်ဓာတ်တွေ၊ ညှိုးငယ်တဲ့ မျက်ဝန်းတွေမှာ တောင်းတောင်းပန်ပန် ခခယယအသွင်နဲ့ ဓာတ်ပုံလေးတွေ၊ စာအုပ်လေးတွေ ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြရတာကို ခင်ဗျားတို့က မျက်ကွယ်ပြု၊ လှောင်ရယ်၊ မတူမတန်သလို ဆက်ဆံကြတာမြင်တော့ ရင်ထဲမှာ မီးစတွေက ထိုးနှက်လာခဲ့မိတော့တယ်။

အော်…..ခင်ဗျားတို့ချစ်တဲ့ တိုင်းပြည်၊ ခင်ဗျားတို့ ကာကွယ်ခဲ့တဲ့ အမိမြေ၊ ခင်ဗျားတို့ ပေးဆပ်လို့ အပူအပင် ကင်းကင်းနေနိုင်သူတွေက မတူမတန်သလိုလို၊ ရွံရှာသလိုလို ကြည့်နေကြတဲ့ မျက်ဝန်းတွေကို လှစ်လျူရှုလို့ မေတ္တာထားပေးနိုင်တဲ့ အမောင်တပ်မတော်သား ယောကျာ်းကောင်းများရဲ့စိတ်ကို ကျွန်တော် ဘယ်လို အရာတွေနဲ့ ပုံဖော်ခွင့် ရပါ့မလဲဗျာ။

ကျွန်တော့်မှာ အတွေးများစွာဖြင့် ဘယ်လောက်တောင် လွင့်မျောမိမှန်းမသိ မျောလွင့်သွားချိန် သူတို့ ကျွန်တော့်ရှေ့ ခြေစုံရပ်လိုက်ကြရင်း . . .
”ဆရာ ခဏလောက်ဝင်ခွင့်ပြုပါ”တဲ့’
‘အော်…ဟုတ်ကဲ့၊ ဝင်ခဲ့ပါခင်ဗျ”
လို့ ပြောလိုက်တော့ ခြံထဲဝင်လာပြီး
” ကျွန်တော်တို့က မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ကပါ။ ရံပုံငွေအတွက် ဓာတ်ပုံလေးတွေ ရောင်းချင်လို့ပါ။ ဆရာဆန္ဒမရှိလည်း မဝယ်ပါနဲ့ခင်ဗျာ။ ကျွန်တော်တို့ ပြောမှားဆိုမှားဖြစ်ခဲ့ရင် တောင်းပန်ပါတယ်ခင်ဗျာ” တဲ့။

ကျွန်တော်လည်း ဘယ်ကစပြောရမှန်းမသိဘဲ ခဏတာ ငေးကြည့်မိနေစဉ် ကျွန်တော့်လက်ထဲက ပြောလက်စ တယ်လီဖုန်းလေးကို မြင့်တွေ့သွားတော့ . . .
“အော်..ဆရာဖုန်းပြောနေတာလား။ အနှောင့်အယှက် ပေးမိသလိုဖြစ်သွားလို့ တောင်းပန်ပါတယ် ဆရာ”တဲ့။

ကျွန်တော်လည်း ဘာပြန်ပြောရမလဲ တွေးမိနေတုန်း အမောင်စစ်သားကြီး ပြောလိုက်တဲ့ စကားက ကျွန်တော့်ရင်ကို ပိုလို့နင့်စေခဲ့ပါတယ်။
”ကျွန်တော်တို့က ကိစ္စမရှိပါဘူး။ ဆရာ့ဖုန်းက အရေးကြီးပါတယ် ပြောပါဆရာ။ ကျွန်တော်တို့ စောင့်ပါ့မယ်”တဲ့လေ။

“အလုပ်လေးပေါ်လာလို့နော် သူငယ်ချင်း။ ငါ နောက်မှ ပြန်ပြောမယ်ကွာ”လို့ တစ်ဖက်က သူငယ်ချင်းကို ပြောပြီး ပြောနေဆဲဖုန်းကို ကမန်းကတန်းချလိုက်ပါတယ်။

ပြီးမှ သူတို့ဆီမှာ ပါလာတဲ့ ့ စာအုပ်တွေထဲက စာအုပ်တစ်ချို့ကို ဝယ်ယူကာ စာအုပ်ဖိုးအပြင် မိမိတတ်နိုင်သလောက် လှူဒါန်းလိုက်တော့ အမောင်စစ်သား ယောကျာ်းကောင်းကြီးများ မျက်ရည်တွေဝဲပြီး”ကျေးဇူးတင်ပါတယ်ဆရာ”“ဟာ ဘာဖြစ်လို့လဲဗျ”လို့ ကျွန်တော်က မေးလိုက်တော့ . . .”ကျွန်တော်တို့လို စစ်သားတွေကို နားလည် ပေးတဲ့သူတွေ ရှိသေးပါလားဆိုတဲ့ အသိဝင်ခဲ့ရလို့ ကျွန်တော်တို့ အလွန်ပျော်ပါတယ်ဆရာ”တဲ့။သူတို့စကားသံတွေမှာ စတွေ့တုန်းပြောခဲ့တဲ့ စကားသံတွေလို အသံတွေက ကြည်လင်ပြတ်သားနေမှု မရှိဘူး။ ဝမ်းနည်းဝမ်းသာသံတွေ ဆို့နင့်နေပါတယ်။ သူတို့ရဲ့ ပီတိတွေနဲ့ ဆို့နင့်နေတဲ့ စကားသံတွေအောက် ကျနော့်ရင်ဘတ်ကြီး တစ်ချက်အောင့်သွားတယ်။ ”အော်…ပြောရက်လိုက်တာ၊ ပြောထွက်လိုက်တာ ဆရာတို့ရယ်။ ခင်ဗျားတို့ ရန်သူကို ရင်ဆိုင်ရချိန်၊ အမျိုးဘာသာ သာသနာအတွက် ကာကွယ်နေကြချိန်မှာ ဒေါသတွေ ကြီးခဲ့ကြတယ်။ စိတ်ဓာတ်တွေ မာကျောကြတယ်။ သတ္တိတွေရှိခဲ့ကြတယ်။ ဒီလိုကာကွယ်ပေးခဲ့လို့ အပူအပင်ကင်းကင်း နေထိုင်စားသောက်နိုင်သူတွေ၊ ခင်ဗျားတို့ကြောင့် သာသာယာယာ စီးပွားရှာနိုင်ပြီး ချမ်းသာတဲ့ လူကုံထံတွေ၊ ခင်ဗျားတို့ကို ခုတုံးလုပ်၊ နိုင်ငံရေးအရေခြုံ၊ ပြည်သူတွေကိုလှည့်စားလို့ ကြွယ်ဝ နေသူတွေရှေ့ရောက်တော့ ခင်ဗျားတို့က ဒီလူတွေကို ပြန်တောင်းပန်ခယပြီး တင်းတိမ်ရောင့်ရဲနေနိုင်ကြတယ်။ တကယ်တော့ ကျွန်တော်အခုဆက်နေတဲ့ ဖုန်းက ဘာအရေးကြီးလို့လဲဗျာ။ ကျွန်တော်ဒီလို အေးချမ်းစွာ နေထိုင်နိုင်ဖို့၊ ပညာသင်ကြားပေးနိုင်ဖို့၊ အနာဂတ်ရဲ့ ခေါင်းဆောင်ကောင်းတွေ မွေးထုတ်ပေးနေနိုင်ဖို့ အသက်၊ သွေး၊ ချွေး၊ ကိုယ်အင်္ဂါတွေ စွန့်လွှတ်ပေးခဲ့တဲ့ ခင်ဗျားတို့လောက် တန်ဖိုးရှိပါ့မလား။ အရေးကြီးပါ့ မလားဗျာ”လို့ ကျွန်တော် ပြောလိုက်တော့ . . .စိတ်ဓာတ်မာကျောလှပါတယ်ဆိုတဲ့ စစ်သားကြီးတွေရဲ့ မျက်ဝန်းတွေမှာ မျက်ရည်တွေ ရစ်သီလာတာကို ကျွန်တော်အထင်းသား မြင်တွေ့လိုက်ရတော့ ကျွန်တော့်ရင်ထဲ ပူလောင်တဲ့ မီးစတစ်စ တောက်လောင်ခဲ့သလိုပါပဲ။ ကျေးဇူးတင်စကားပြောပြီး ပြန်လည်ထွက်ခွာသွားကြတဲ့ သူတို့ရဲ့ ကျောပြင်တွေကို ကြည့်ပြီး တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက် ဆန္ဒတစ်ခုကို သေချာစွာ မြင်တွေ့လိုက်ရပြီလေ။ ဟုတ်ပါတယ် ကျွန်တော့်လို ကျောင်းဆရာတစ်ယောက်အတွက် ပေးဆပ်ရဲသူ၊ ပေးဆပ်ဝံ့သူတွေအတွက် ကျေးဇူးပြန်ဆပ်ရမယ်။ အမိမြေအတွက် လိုအပ်နေတဲ့ သူတို့လို ပေးဆပ်ရဲမယ့်၊ ပေးဆပ်ကြမယ့်၊ ပေးဆပ်သွားမယ့် တိုင်းပြည်ရဲ့ အနာဂတ် သူရဲကောင်းတွေ အများကြီး ပေါ်ထွန်းလာအောင် ကျွန်တော့်တပည့်တွေကို ပြုစုပျိုးထောင်ပေးမယ်။ ကျွန်တော့်တပည့်တွေ နောင်တစ်ချိန်မှာ တိုင်းပြည်နဲ့လူမျိုးအတွက်၊ အချုပ်အခြာအာဏာတည်တံ့ဖို့အတွက် ပေးဆပ်ရဲတဲ့ သူရဲကောင်းတွေ ဖြစ်ကိုဖြစ်စေရမယ်လို့ သန္ဓိဌာန်ချ လိုက်မိတော့တယ်။အဝေးတစ်နေရာကို တရွေ့ရွေ့ထွက်ခွာသွားတဲ့ သူတို့ တပ်မတော်သားတွေကိုကြည့်ရင်း တွေးနေမိတာကတော့ ကျွန်တော်တို့တွေ အမှန်တိုင်းရှုမြင်၊ ပကတိတရား အတိုင်းကြည့်ကြမယ်ဆိုရင် ကျွန်တော့်လို ကျောင်းဆရာက တပ်မတော်သားတွေသာ မရှိခဲ့ရင် အနာဂတ်ကိုလည်း မဖန်တီးနိုင်ဘူး။ ခေါင်းဆောင်ကောင်းတွေလည်း မွေးထုတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီတိုင်းပြည်အတွက် ပညာတတ်တွေ၊ ပညာရှင်တွေ၊ လူတော်လူကောင်းတွေကို ပွင့်လန်းစေမယ့် ဥယျာဥ်မှူးအဖြစ် ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ဒါကြောင့် ကျွန်တော့်ဘဝအတွက်၊ ဒီတိုင်းပြည်အတွက်၊ ဟောဒီ့ အမိမြေကြီးအတွက်၊ ဘာသာ သာသနာအတွက် ခင်ဗျားတို့ကသာ အရေးကြီးဆုံးပါဗျာ။ ဘယ်သူမှလက်မခံချင်နေ ကျွန်တော်ကတော့ လက်ခံတယ်။ အကြွင်းမဲ့ ယုံကြည်တယ်။ တကယ်တော့ ခင်ဗျားတို့က ကျွန်တော့်ကို တောင်းပန်ရမှာ မဟုတ်ပါဘူး။ ကျွန်တော်ကသာ ခင်ဗျားတို့ကို တောင်းပန်ရမှာပါ။ ဘာလို့လည်းဆိုတော့ ကျွန်တော်မွေးဖွားရာ အမိမြေအတွက်၊ ကျွန်တော့်လူမျိုး အတွက် ခင်ဗျားတို့လို ကိုယ်အင်္ဂါလည်း မစွန့်နိုင်ဘူး၊ အစာငတ်ရေပြတ်လည်းမနေနိုင်ဘူး၊ ကျည်သံဗုံးသံ ကြားမှာလည်း မပျော်မွေ့နိုင်ပါဘူး။ အသက်ကိုစွန့် လွှတ်ဖို့ဆိုဝေးသေးတာပေါ့။အခုတော့ ခင်ဗျားတို့ပြောသွားတဲ့ စကားသံတွေကို ပြန်ကြားယောင်ရင်း အလိုလိုမျက်ရည်ဝဲလာမိတယ်။ ရင်ထဲမှာ ဆို့နင့်ကြေကွဲလာမိတယ်။ဟား …….. ဒါလားအမှန်တရား။ ဒါလား ပေးဆပ်ခြင်းရဲ့ရလာဒ်။ ခင်ဗျားတို့ သိပ်တော်တယ်၊ သိပ်လေးစားဖို့ကောင်းတယ်။ အရာအားလုံး ပေးဆပ်ရဲခဲ့တဲ့အပြင် ခါးသီးတဲ့ ရလာဒ်တွေ အပေါ်မှာလည်း ခင်ဗျားတို့ ကျေနပ်နေနိုင်တယ်။ ကျွန်တော်ကတော့ တွေးရင်း တွေးရင်း ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိတော့ပါဘူးဗျာ။တိုင်းပြည်ရန် စွယ်တွေအတွက် အမိမြေတည်တံ့ဖို့ ဘာသာ သာသနာ ထွန်းလင်းတောက်ပဖို့၊ ပြည်သူတွေအေးချမ်းစေဖို့ ခင်ဗျားတို့က လူကြမ်းလူရမ်းကြီးတွေပေါ့။ ဒါပေမယ့် ခင်ဗျားတို့ချစ်တဲ့ အမိမြေနဲ့ ပြည်သူတွေအတွက်တော့ အနူးညံ့ဆုံး နှလုံးသား၊ အကြင်နာဆုံး မေတ္တာတရား၊ ပေးဆပ်ရဲဆုံး လူသားတွေအဖြစ် ရပ်တည်ပေးရဲတဲ့ ခင်ဗျားတို့ရဲ့ စိတ်ဓာတ်၊ လုပ်ရပ်၊ ခံယူချက်တွေကို ပြည်သူတွေ မြင်သာလာအောင် ဘယ်လိုများ၊ ဘယ်အချိန်မှာများ တင်ပြဆွေးနွေး ဖော်ကျူးခွင့်ရမလဲလို့ တွေးရင်း တွေးရင်း ကျွန်တော့်ရင်ထဲမှာ ဖော်ပြမရတဲ့ အပူမီးတစ်စက ထာဝရတောက်လောင်နေဦးမှာပါလေ…..။ (အမိမြေကို ကာကွယ်စောင့်ရှောက်နေသောတဲ့ အမောင်တပ်မတော်သား ဇာနည်ဘွားများအတွက် ယခု ကိုယ်တွေ့ခံစားချက် ဆောင်းပါးလေးဟာ ခွန်အားတစ်ခုဖြစ်ခဲ့မယ်ဆိုရင်ပဲ ကျွန်တော် တင်ပြရကျိုး နပ်လှပါပြီ။)#ဝန်ခံချက်ရင်ထဲက ခံစားချက်အတိုင်း ခံစားရေးဖွဲ့ခြင်း ဖြစ်သည်။#အညတရကျောင်းဆရာ#ညီသွေးသစ္စာ #PAN