ရန်ကုန်ဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသော ကုန်တင်ရထား တစ်စင်းအား အကြမ်းဖက် KNU/PDF အဖွဲ့မှ ကျောက်တံခါးမြို့နယ်တွင် မိုင်းခွဲဖျက်ဆီး


ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ကုန်ပစ္စည်းများတင်ဆောင်၍ မောင်းနှင်လာသော ကုန်တင်ရထားအား အကြမ်းဖက် KNU/PDF ပူးပေါင်းအဖွဲ့များမှ မိုင်းခွဲတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးမြို့နှင့် (၃)မိုင်(၄)ဖာလုံခန့်အကွာ၊ ဟာရီးကျေးရွာအုပ်စု၊ ဘာဘူကုန်းကျေးရွာ အနီးရှိ မီးရထားသံလမ်းကြေးနန်းမိုင်တိုင်အမှတ် ၁၀၃/၁၂ နှင့် ၁၀၃/၁၃ ကြားရှိ မီးရထားသံလမ်းအား KNU/PDF အင်အား(စိစစ်ဆဲ)မှ မိုင်းထောင်ဖောက်ခွဲခဲ့ရာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့သွားသော ကုန်တင်မီးရထား ၁ စီး လမ်းချော်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား စုံစမ်းစစ်ဆေးခဲ့ရာတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ စက်ခေါင်းမောင်း ဦးဝင်းဆွေနှင့် ဦးဝင်းမြင့်ထွန်း၊ လက်ထောက် စက်ခေါင်းမောင်း ဦးမော်ကွန်းနှင့် ဦးပြည့်စုံအောင်၊ ရထားထိန်း ဦးမင်းဇော်တို့မောင်းနှင် လိုက်ပါလာသော အမှတ်(၉၀၁) ရန်ကုန်-မန္တလေးသွား အဆန်မီးရထား(ကုန်တင်မီးရထား) စက်ခေါင်းအမှတ် DF-1367 ပါတွဲ(၃၅)တွဲသည် အခင်းဖြစ်နေရာသို့ ရောက်ရှိစဉ်အကြမ်းဖက်သောင်းကျန်းသူ KNU/PDF အဖွဲ့ မှထောင်ထားသော မိုင်းပေါက်ကွဲသဖြင့် မီးရထားခေါင်းတွဲ DF-1367 နှင့် ခေါင်းတွဲနောက်ရှိ y G3HV-405891 G3HV-407391 G3HV-40726 တို့သည် (၂၀)ဒီဂရီခန့် တိမ်းစောင်းနေပြီး မီးရထားအရှေ့ဘက်ခြမ်းသံလမ်း အရှည်(၈)ပေခန့်မှာ ကွေးသွားပြီး အနောက်ဘက်ခြမ်းသံလမ်း အရှည်ပေ(၅၀)ခန့်မှာ အရှေ့ဘက်သို့(၁)ပေခန့် နေရာရွေ့၊ ဇလီဖာတုံး(၆)တုံးခန့် ပျက်စီး၊ ဇလီဖာတုံး(၇၂)တုံးခန့် နေရာရွေ့သွားပြီး မီးရထားပေါ်တွင် လိုက်ပါလာသော မီးရထားဝန်ထမ်းများ ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရှိရသည်။

အခင်းဖြစ်နေရာပက်ဝန်းရှိကျေးရွာများတွင် အကြမ်းဖက်သမားများခြေကုပ်ယူ စခန်းချလျှက်ရှိပြီးအနီးရှိ တပ်စခန်းများ ၊ လမ်းတံတားများ၊ ကျေးရွာများသို့ ဝင်ရောက်၍ အကြမ်းဖက်လုပ်ရက်များအား မကြာခနပြုလုပ်လျှက်ရှိသဖြင့် ငြိမ်းချမ်းစွာနေထိုင်နေသော ဒေသခံပြည်သူအများမှ စိုးရိမ်လျှက်ရှိကြောင်း သိရှိရသည်။

PAN