ထရမ့်အနေဖြင့် ပူတင်နှင့်သဘောတူညီချက်ရရှိအောင် ဆောင်ရွက်နိုင်ဖွယ်ရှိဟု ဆို


ဇန်နဝါရီ ၃၁

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်သာ အနိုင်ရလာပါက ပူတင်နှင့် သဘောတူညီချက် ရရှိအောင် ဆောင်ရွက်နိုင်ဖွယ်ရှိသောကြောင့် ဖြစ်လာနိုင်သော ပြောင်းလဲမှုများအတွက် ကြိုတင်ပြင်ဆင်ထားရန် ချက်သမ္မတနိုင်ငံ သမ္မတ ပတ်ထရူပါဗယ် က သတိပေးထားသည်။ ဒေါ်နယ်ထရမ့် အနိုင်ရလာပါက ဆက်ဆံရေး တွင် မည်ကဲ့သိုသော ကြီးကြီးမားမားပြောင်းလဲမှုများ မရှိလာနိုင်သော်လည်း ၎င်းသည် အရာရာကို မတူညီသော ရှုထောင့်မှ ရှုမြင်တတ်လေ့ရှိသည်ဟု ဝန်ခံရမည်ဖြစ်ကြောင်း ပတ်ထရူပါဗယ်က ပြောသည်။ ဒေါ်နယ်ထရမ့် က ၎င်းသာ သမ္မတအဖြစ် ဆက်လက်ရှိနေမည်ဆိုပါက ယူကရိန်း ပဋိပက္ခဖြစ်လာမည် မဟုတ်ကြောင်း အကြိမ်ကြိမ် ပြောထားသည်။

ထိုပြင် ၎င်းသည် ရုရှားသမ္မတနှင့်သာမက ယူကရိန်းသမ္မတနှင့်ပါ ရင်းနှီးသော ဆက်ဆံရေးများ ရှိသော ကြောင့် ပဋိပက္ခရပ်စဲရန် အကောင်းဆုံးကြားဝင် စေ့စပ်ပေးနိုင်မည် ဖြစ်ကြောင်း အခိုင်အမာပြောသည်။ အလား တူ ဒေါ်နယ်ထရမ့် က ၎င်းသာ သမ္မတဖြစ်ပါက ရုရှား-ယူကရိန်း ပဋိပက္ခကို ၂၄ နာရီအတွင်း ရပ်တန့်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောသည်။ ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအတွက် ဘက်ပေါင်းစုံမှ ပါဝင်ကူညီပေးနေသည့် ဒေါ်နယ်ထရမ့် ဂျူနီယာက ရုရှားနှင့်ယူကရိန်းတိုကြား တိုက်ခိုက်မှုများ သည် ဆွေးနွေးမှု ဖြင့် အဆုံးသတ်မည်ဖြစ်ကြောင်း၊ ယူကရိန်းသမ္မတကို ရုရှားနှင့်ဆွေးနွေးရန် ဆွဲဆောင်စည်းရုံးနိုင်စေရန် အမေရိကန် က ယူကရိန်းသိုထောက်ပံ့မှုကို ရပ်ဆိုင်းရမည်ဖြစ်ကြောင်း ပြောထားသည်။ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရက ယူကရိန်းအတွက် ဒေါ်လာ ဘီလီယံ ၆၀ ပါဝင်သည့် အမျိုးသားလုံခြုံရေးအတွက် ဒေါ်လာ ၁၀၆ ဘီလီယံကို အသုံးပြုခွင့်ပေးရန် တောင်းဆိုမှုကို ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်များက ဆန့်ကျင် ကန့်ကွက်ပြီးနောက် ဒေါ်နယ်ထရမ့် ဂျူနီယာ၏ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း RT သတင်းဌာန တွင် ဖော်ပြထားသည်။

PAN