မိမိတို့နိုင်ငံတွင် ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းမရှိခဲ့ခြင်းကြောင့် ပြည်ပမှသွင်းကုန်များကို များစွာတင်သွင်းခဲ့ရပြီး ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ကြောင်း နစက ဥက္ကဋ္ဌပြော


ဇန်နဝါရီ ၂၁


ပြည်ပသွင်းကုန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းမရှိခဲ့ခြင်းကြောင့် ပြည်ပမှသွင်းကုန်များကို များစွာတင်သွင်းခဲ့ရပြီး ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ​ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဇန်နဝါရီ ၂၀ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။

ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ပြီး အမှန်တကယ်အလုပ်လုပ်ကြမည်ဆိုပါက မိမိတို့အနေဖြင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ပြီး ဒေသအကျိုး၊ နိုင်ငံ့အကျိုးကိုကြည့်၍ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

ရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် နာမည်ကျော်ကမ်းခြေများအပါအဝင် သဘာဝအလှအပများ၊ ဒေသထွက်အစားအသောက်များနှင့် အခြားအခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီး လေဆိပ်အဆင့်မြှင့်တင်ခြင်းအပြင် တိုင်းဒေသကြီးအတွင်းရှိ ကားလမ်းများကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်သွားရမှာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုခဲ့ကြောင်း သိရသည်။

#PAN