ထရန့်၏ အေဘရာဟမ်သဘောတူညီချက်များ (Abraham Accords) ဆိုတာ ဘာလဲ၊ ဘယ်နိုင်ငံတွေ ထပ်မပါဝင်လာဦးမှာလဲ?

(နိုင်ငံတကာသတင်းဆောင်းပါး)မေ ၂၆

         ​အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်နိုင်ငံနှင့် သဘောတူညီချက်တစ်ရပ် ရရှိရန် တွန်းအားပေးလုပ် ဆောင်နေစဉ်အတွင်း ၎င်း၏ ပထမသက်တမ်းက အထင်ကရ နိုင်ငံခြား ရေးမူဝါဒ စီမံကိန်းတစ်ခုဖြစ်သည့် “အေဘရာဟမ်သဘောတူညီချက်များ” (Abraham Accords) ကို ပြန်လည်အသက်သွင်းလျက်ရှိသည်။

     အစ္စရေးနိုင်ငံနှင့် အခြားနိုင်ငံ ၅ နိုင်ငံအကြား သံတမန်ဆက် ဆံရေး ပုံမှန်ပြန်လည်ထူထောင်ပေးခဲ့သည့် အဆိုပါ သဘောတူညီချက်များသည်၊ သမ္မတထရန့်က စစ်ပွဲအဆုံး သတ်ရေး စေ့စပ်ညှိနှိုင်းမှုများကို အာရပ်နိုင်ငံများ ပိုမိုပူး ပေါင်းပါဝင်လာရေးနှင့် ချိတ်ဆက်လိုက်ပြီးနောက်ပိုင်း ပြန် လည်အာရုံစိုက်ခြင်း ခံလာရသည်။

     “ကျွန်တော့်အနေနဲ့ နိုင်ငံအားလုံး အေဘရာဟမ်သဘောတူ ညီချက်တွေမှာ ချက်ချင်းလက်မှတ်ရေးထိုးကြဖို့ မဖြစ်မနေ တောင်းဆိုလိုက်ပါတယ်” ဟု ထရန့်က ဒေသစံတော်ချိန် တနင်္လာနေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရေးသားခဲ့သည်။

     အဆိုပါ ရေးသားမှုသည် သမ္မတထရန့်နှင့် ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ကာတာ၊ ပါကစ္စတန်၊ တူရကီ၊ အီဂျစ်၊ ဂျော်ဒန်နှင့် ဘာရိန်းနိုင်ငံတို့မှ ခေါင်းဆောင်များအကြား ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

     သို့သော်လည်း ယခုအဆိုပြုချက်သည် စတင်ကတည်း ကပင် ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရပြီး၊ ပါကစ္စတန်နိုင်ငံက ယခုအကြံအစည်ကို လူသိရှင်ကြား ငြင်းဆိုထားကာ ထရန့်နှင့် ဖုန်းပြောဆိုခဲ့သည့် အခြားနိုင်ငံများမှာမူ လက်ရှိအချိန်အထိ နှုတ်ဆိတ်နေကြဆဲ ဖြစ်သည်။

     အေဘရာဟမ်သဘောတူညီချက်များနှင့် ပတ်သက်၍ သိထားသင့်သည့် အချက်အလက်များနှင့် အခြားနိုင်ငံများ ပူးပေါင်းပါဝင်လာခြင်း ရှိမရှိ အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါ သည်။

အေဘရာဟမ်သဘောတူညီချက်များ ဆိုသည်မှာ အဘယ်နည်း

     အေဘရာဟမ်သဘောတူညီချက်များ ဆိုသည်မှာ အစ္စရေးနိုင်ငံနှင့် ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရန် ရည်ရွယ်သည့် အဆက်မပြတ် သဘောတူညီချက်များ ဖြစ် သည်။

     ပထမဆုံးသော သဘောတူညီချက်များကို ၂၀၂၀ ပြည့်နှစ်တွင် အိမ်ဖြူတော်၌ အစ္စရေးနိုင်ငံနှင့် ပင်လယ်ကွေ့အာရပ်နိုင်ငံနှစ်ခုဖြစ်သည့် ဘာရိန်း၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)တို့အကြား လက်မှတ်ရေးထိုးခဲ့ကြသည်။

     အဆိုပါ သဘောတူညီချက်များကို အစ္စရေးနိုင်ငံအား အရှေ့အလယ်ပိုင်းဒေသတွင်း ပိုမိုအပြည့်အဝ ပေါင်းစည်းနိုင်စေရန် ရည်ရွယ်သည့် ကျယ်ပြန့်သော တွန်းအားပေးမှုတစ်ရပ်အဖြစ် ထရန့်အစိုးရအဖွဲ့က ကြားဝင်စေ့စပ်ပေးခဲ့ခြင်း ဖြစ်သည်။

     ယင်းကြိုးပမ်းမှု၏ ဗဟိုချက်တွင် သမ္မတထရန့်၏ သမက်ဖြစ်သူနှင့် အကြီးတန်းအကြံပေး ဂျာရက် ကွတ်ရှ်နာ (Jared Kushner) ပါဝင်ခဲ့ပြီး၊ ၎င်းသည် သဘောတူညီချက်များ ရရှိနိုင်ရန်အတွက် ပင်လယ်ကွေ့ခေါင်းဆောင်များ၊ အစ္စရေးတာဝန်ရှိသူများနှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့သည်။

     မော်ရိုကိုနိုင်ငံနှင့် ဆူဒန်နိုင်ငံတို့သည် နောက်ပိုင်း ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တို့တွင် သီးခြားသဘောတူညီချက်များဖြင့် အဆိုပါ မဟာမိတ်အဖွဲ့သို့ ပူးပေါင်းပါဝင်ခဲ့ကြပြီး၊ မကြာသေးမီကမူ ကာဇက်စတန်နိုင်ငံက ပြီးခဲ့သည့်နှစ်တွင် ထပ်မံပူးပေါင်းခဲ့သည်။ ယခု သဘောတူညီချက်များ မတိုင်မီက အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံတို့သာ အစ္စရေးနိုင်ငံအား တရားဝင်အသိအမှတ်ပြုထားသည့် နိုင်ငံများဖြစ်ကြသည်။

     အာရပ်နိုင်ငံအများစုသည် ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်ခြင်း မရှိမချင်း အစ္စရေးနှင့် ဆက်ဆံရေး ထူ ထောင်မည်မဟုတ်ကြောင်း ရေရှည်ရပ်တည်ချက်ကို ထိန်းသိမ်းထားခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်များသည် ယင်းရပ်တည်ချက်မှ အဓိကခွဲထွက်မှုကို ပြသခဲ့ပြီး၊ ထောက်ခံသူများကမူ ယင်းကို အရှေ့အလယ်ပိုင်းဒေသ၏ သမိုင်းဝင် သံတမန်ရေးရာ အချိုးအကွေ့တစ်ခုအဖြစ် ချီးကျူးခဲ့ကြသည်။

     သို့သော်လည်း ပါလက်စတိုင်းခေါင်းဆောင်များက ယခုသဘောတူညီချက်များကို ကန့်ကွက်ရှုတ်ချခဲ့ကြပြီး၊ အာရပ်အစိုးရများသည် ပါလက်စတိုင်းနိုင်ငံတော် ထူထောင်ရေးအတွက် တစ်စုံတစ်ရာ တောင်းဆိုပေးခြင်းမရှိဘဲ အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ထူထောင်ခြင်းဖြင့် ပါလက်စတိုင်းအရေးကို စွန့်ပစ်လိုက်ကြသည်ဟု စွပ်စွဲခဲ့ကြသည်။

     ထို့အပြင် ယခုသဘောတူညီချက်များသည် ပါကစ္စတန်နိုင်ငံအတွင်း ဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့ပြီး အီရန်နိုင်ငံ၏ ဝေဖန်မှုများကိုလည်း ခံခဲ့ရကာ၊ အီရန်က ယင်းလုပ်ရပ်ကို ပါလက်စတိုင်းပြည်သူများအပေါ် သစ္စာဖောက်မှုနှင့် ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပုံဖော်ပြောဆိုခဲ့သည်။

ယခုသဘောတူညီချက်များက မည်သို့သော သက်ရောက်မှုများ ရှိခဲ့သလဲ

     အေဘရာဟမ်သဘောတူညီချက်များသည် အစ္စရေးနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ကြသည့် နိုင်ငံများအကြား တိုက်ရိုက်သံတမန်ဆက်ဆံရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် တံခါးဖွင့်ပေးခဲ့သည်။

     ယခုသဘောတူညီချက်များမတိုင်မီက အစ္စရေးနိုင်ငံသားများသည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ဘာရိန်းကဲ့သို့သော ပင်လယ်ကွေ့နိုင်ငံများသို့ ခရီးသွားလာနိုင်ခြင်း မရှိသလောက်ဖြစ်ခဲ့ပြီး၊ အဆိုပါနိုင်ငံများမှ နိုင်ငံသားများသည်လည်း အစ္စရေးသို့ လာရောက်ရန် ကန့် သတ်ချက်များနှင့် ရင် ဆိုင်ခဲ့ကြရသည်။

     အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အပါအဝင် အချို့သောအာရပ်နိုင်ငံများတွင် အစ္စရေးသို့ တိုက်ရိုက်ဖုန်းခေါ်ဆိုမှုများကိုပင် ပိတ်ဆို့ထားခဲ့သည်။

     သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ပြီးကတည်းက အစ္စရေးနှင့် ယူအေအီး(UAE) တို့သည် ကာ ကွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် အပါအဝင် နီးကပ်သော စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ဆက် နွှယ်မှုများကို အထူး တလည် တိုးမြှင့်ဖော်ဆောင်နိုင်ခဲ့ကြသည်။

     ယူအေအီးသည် အစ္စရေးအတွက် ဒေသတွင်း အရေးပါသော စီးပွားရေးမိတ်ဖက်တစ်ခု ဖြစ်လာခဲ့ပြီး၊ တယ်လ်အဗစ်(Tel Aviv)နှင့် ဒူဘိုင်း (Dubai) အကြား တိုက်ရိုက်လေကြောင်းလိုင်းများ စတင်ပြေးဆွဲခဲ့ကာ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နှစ်ဖက်ကုန်သွယ်မှုမှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။

     အစ္စရေးဗဟိုစာရင်းအင်းဗျူရို၏ အချက်အလက်များကို ကိုးကား၍ အေဘရာဟမ်သဘောတူညီချက်များ ငြိမ်း ချမ်းရေးအဖွဲ့အစည်း (Abraham Accords Peace Institute)က ဖော်ပြချက်အရ ယခုသဘောတူညီချက်တွင် ပါဝင်သည့် နိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ (ကန်ဒေါ်လာ ၅.၆ ဘီလီယံ) ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

     သို့သော်လည်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့၏ အစ္စရေးအပေါ် တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသားများနှင့် နိုင်ငံခြားသား ၁,၂၀၀ ခန့် သေဆုံးခဲ့ရပြီးနောက် ဂါဇာစစ်ပွဲ စတင်ဖြစ်ပွားခဲ့ရာ၊ ယင်းအချိန်မှစ၍ ယခုသဘောတူညီချက်များသည် ပိုမိုပြင်းထန်သော ဖိအားများနှင့် ရင်ဆိုင်လာခဲ့ရသည်။

     ယခုအထိ အေဘရာဟမ်သဘောတူညီချက်များမှာ ဆက် လက်တည်ရှိနေဆဲဖြစ်သော်လည်း၊ ဒေသခံအာဏာပိုင်များ၏ အဆိုအရ ပါလက်စတိုင်းပြည်သူ ၆၀,၀၀၀ ကျော် သေဆုံးခဲ့ရသည့် ယခုပဋိပက္ခအပေါ် အာရပ်ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ၏ ဒေါသထွက်မှုများကြောင့် အချို့သောအစိုးရများအနေဖြင့် အစ္စရေးနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် ကြိုးပမ်းမှုများတွင် အကျပ်အတည်းများနှင့် ကြုံ တွေ့နေရသည်။

အခြားနိုင်ငံများ ထပ်မံပူးပေါင်းလာဦးမည်လား

     ပါကစ္စတန်နိုင်ငံက ယခုအဆိုပြုချက်ကို ငြင်းဆိုထားပြီး၊ အခြားနိုင်ငံများဘက်ကမူ ထရန့်၏ တောင်းဆိုချက်အပေါ် လက်ရှိအချိန်အထိ လူသိရှင်ကြား တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ခြင်း မရှိသေးပေ။

     အဆိုပါ ဆွေးနွေးပွဲအခြေအနေကို သိရှိသည့် အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက အက်ဆီယို့စ် (Axios) သတင်းဌာနသို့ ပြောကြားရာတွင် ဆော်ဒီအာရေဗျ၊ ကာတာနှင့် ပါကစ္စတန်နိုင်ငံတို့သည် ယခုတောင်းဆို ချက်ကြောင့် အံ့အားသင့်သွားခဲ့ကြကြောင်း ဆိုသည်။

     သမ္မတထရန့်က တနင်္လာနေ့က ၎င်း၏ လူမှုကွန်ရက်ပို့စ်တွင် “နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် နှစ်နိုင်ငံအနေနဲ့ ခုလိုမလုပ် ဆောင်နိုင်တဲ့ အကြောင်းပြချက် ရှိကောင်းရှိနိုင်ပြီး၊ အဲဒါကို လက်ခံပေးသွားမှာပါ” ဟု ရေးသားခဲ့သည်။
     “ဒါပေမဲ့ နိုင်ငံအများစုအနေနဲ့ အီရန်နဲ့ပြုလုပ်မယ့် ယခုသဘောတူညီချက်ကို ပိုမိုသမိုင်းဝင်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ် လာစေဖို့အတွက် အဆင်သင့်ရှိနေ၊ လိုလားနေပြီး လုပ် ဆောင်နိုင်စွမ်းရှိရပါမယ်”

     အမေရိကန်သမ္မတက အီရန်အစိုးရအနေဖြင့် အစ္စရေးနိုင်ငံအား ဆယ်စုနှစ်ပေါင်းများစွာ တရားဝင်အသိအမှတ်ပြုရန် ငြင်း ဆန်ထားလင့်ကစား၊ အကယ်၍ ငြိမ်းချမ်းရေး စာချုပ်တစ်ရပ် ရရှိခဲ့ပါက အီရန်နိုင်ငံသည်ပင် နောက်ဆုံးတွင် ယခုသဘောတူညီချက်၌ ပါဝင်လက်မှတ်ရေးထိုးလာနိုင်သည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည်။

     သမ္မတထရန့်သည် ဆော်ဒီအာရေဗျနိုင်ငံ၏ အာရပ်နှင့် အစ္စလာမ်ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ ဩဇာ လွှမ်းမိုးမှုများကြောင့် ဆော်ဒီအနေဖြင့် ယခုသဘော တူညီချက်များတွင် ပူးပေါင်းပါဝင်လာရန် ရေရှည်မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။

     ဂါဇာစစ်ပွဲမဖြစ်ပွားမီက ဘိုင်ဒင်အစိုးရအဖွဲ့သည် အမေရိကန်၏ လုံခြုံရေးဆိုင်ရာ အာမခံချက်များနှင့် အရပ်ဘက်နျူက လီးယားအစီအစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်နိုင်ခြေရှိသည့် ဆော်ဒီ-အစ္စရေး ဆက်ဆံရေးပုံမှန်ပြန်လည် ထူထောင်ရေး သဘောတူညီချက်တစ်ရပ် ရရှိရန် ကြိုးပမ်းနေခဲ့သည်။

     သို့သော်လည်း ယခုပဋိပက္ခကြောင့် အဆိုပါဆွေးနွေးပွဲများမှာ ထိရောက်စွာ ရပ်ဆိုင်းသွားခဲ့ရပြီး၊ ဆော်ဒီတာဝန်ရှိသူများက ပါလက်စတိုင်းနိုင်ငံတော်ထူထောင်ရေးအတွက် ခိုင်မာသော တိုးတက်မှုများမရှိဘဲ ဆက်ဆံရေးပုံမှန်ထူ ထောင်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း အခိုင်အမာ ပြော ဆိုထားကြသည်။

     အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းဖြစ်ပြီး လက်ရှိတွင် အတ္တလန်တိတ်ကောင်စီ (Atlantic Council)၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒန် ရှာပီရို (Dan Shapiro)က အေဘရာဟမ်သဘောတူညီချက်များ တိုးချဲ့ခြင်းကို အီရန်သဘောတူညီချက်နှင့် ချိတ်ဆက်ရန် ထရန့်၏ ကြိုးပမ်းမှုကို “မလိုအပ်ဘဲ ရှုပ်ထွေးစေပြီး လက်တွေ့မကျသောအရာ” ဟု ဖော်ပြခဲ့သည်။

     “သံတမန်ရေးရာမှာ အယူအဆတစ်ခု ရှိပါတယ်။ ပြဿနာတစ်ခုက ဖြေရှင်းရတာ အလွန်ခက်ခဲနေတဲ့အခါ အကျိုးအမြတ်ပမာဏ (Pie) ကို ပိုမိုချဲ့ထွင်လိုက်ပါ။ ပတ် သက်ဆက်နွှယ်သူတွေကို ပိုမိုခေါ်ယူပြီး ပြဿနာတစ်ခုကို အခြားပြဿနာတွေနဲ့ ပေါင်းစပ်ထုပ်ပိုးပြီး ဖြေရှင်းလိုက်ပါ” ဟု ၎င်းက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

     ယခုကိစ္စနှင့် ပတ်သက်၍ သိရှိသည့် ပါကစ္စတန်သတင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနသို့ ပြောကြားရာတွင် အေဘရာဟမ်သဘောတူညီချက်များနှင့် အမေရိကန်-အီရန် သဘောတူညီချက်တို့သည် “အပြန်အလှန်ချိတ်ဆက်ထားခြင်းမရှိသလို၊ ထိုသို့လည်း လုပ်ဆောင်၍မရနိုင်ကြောင်း” ဆိုသည်။

     “ပါကစ္စတန်နိုင်ငံအနေနဲ့ ခုလိုတောင်းဆိုချက်မျိုးကို လိုက်နာဖို့ ဘယ်လိုဖိအားမျိုးမှ မရှိပါဘူး” ဟု အဆိုပါသတင်းမြစ်က ပြောကြားခဲ့သည်ဟု ဆိုသည်။

    သို့သော်လည်း ထရန့်၏ မဟာမိတ်အချို့ကမူ ယခုအကြံ အစည်ကို ထောက်ခံကြိုဆိုခဲ့ကြသည်။ အမတ်မင်း လင်းဆေး ဂရေဟမ် (Lindsey Graham)က ယခုကိစ္စရပ်နှစ်ခုကို ချိတ်ဆက်ခြင်းသည် ဒေသတွင်း ပေါင်းစည်းမှုကို မောင်းနှင်ပေးနိုင်ပြီး “စီးပွားရေးအခွင့်အလမ်းများအတွက် အင်အားကြီးမားသော အချက်အချာနေရာတစ်ခု” ကို ဖန် တီးပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

     အခြားသူများကမူ ယခုမဟာဗျူဟာကို နောင်တွင်ရရှိလာမည့် အီရန်သဘောတူညီချက်အား အစ္စရေးနှင့် ထရန့်၏ ပြည်တွင်းထောက်ခံသူများအတွက် နိုင်ငံရေးအရ ပိုမိုလက်ခံရလွယ်ကူစေရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်ကြသည်။

     အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group)၏ အီရန်စီမံကိန်းညွှန်ကြားရေးမှူး အလီ ဗာအက်ဇ် (Ali Vaez) က ထရန့်သည် ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်ကို “အေဘရာဟမ်သဘောတူညီချက်များ၏ နောက်ဆက်တွဲတွဲဖက်အဖြစ် ပုံဖော်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး၊ ယင်းသည် အစ္စရေးအတွက် ကောင်းမွန်ကာ ဒေသတွင်းအတွက်လည်း ကောင်း မွန်ပြီး ဝါရှင်တန်အတွက်မူ လုံလောက်စွာ ပြတ်သားတင်း မာမှုရှိစေမည်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

     “ဒါပေမဲ့ သူဟာ စိတ်ကူးယဉ်မှုတစ်ခုကို နောက်ထပ်စိတ် ကူးယဉ်မှုတစ်ခုနဲ့ လဲလှယ်နေတာပဲ ဖြစ်ပါတယ်။ အီရန်ကို အညံ့ခံခိုင်းဖို့ ကြိုးပမ်းရာကနေ ပျက်စီးလွယ်တဲ့ သဘောတူညီချက်တစ်ခုက အရှေ့အလယ်ပိုင်းစနစ်သစ်ကို ခိုင်မာစေနိုင်တယ်လို့ ဟန် ဆောင်နေခြင်းသာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

     ထရန့်၏ ပြောကြားချက်များနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ရုံးခန်းဘက်ကမူ ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။
(ABC သတင်းဌာနမှ Audrey Courty ၏ What are Trump’s Abraham Accords, and will other countries join?သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

Telegram»…
https://t.me/positiveanglenews

#PAN