PAN အယ်ဒီတာ့ အာဘော်

——————————–

တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် အခြေအနေမှာ တပ်မတော်သား အရာရှိစစ်သည်မိသားစုတွေဟာ သုံးနှစ်သုံးမိုးဆိုတဲ့ ကာလတစ်ခုအထိ စစ်မြေပြင်မှာ အမိမြေကိုကာကွယ်နေရလို့ ခွဲခွာနေရတဲ့ မိသားစုဆိုတာအတွက်အချိန်မပေးနိုင် မဆက်သွယ်နိုင် ပင်ပန်းနေကြပေမယ့် အမိအမြေအတွက် ငါ့တို့အသက်ကိုစွန့်လွှတ်ကြမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ တိုင်းပြည်အတွက် ပေးဆပ်နေကြပါတယ်။

သက်စွန်ဆန်ဖျား နိုင်ငံတာဝန်ထမ်းဆောင်နေကြရတဲ့ တပ်မတော်သားတွေဟာ ချွေးထွက်များမှ သွေးထွက်နည်းမယ်ဆိုတဲ့ အခြေခံစစ်ပညာသင်ယူကတည်းက ကြိုးပမ်းကျင့်ကြံခဲ့ရတာမို့ ပန်ပမ်းမှုဆိုတာက မပြောပလောက်ပေမယ့် သူတို့တကယ်ကို ပင်ပန်းနေကြတာပါ။ သူတို့ကို ခေတ္တတော့ အနားပေးရပါလိမ့်မယ်။

တောထဲတောင်ထဲ ယူနစ်ဖောင်း ၂ စုံ၊ အရပ်ဝတ် ၂ စုံနဲ့  မိုးထဲ ရေထဲမှာ ၃ နှစ်၃ မိုးနေနိုင်တဲ့ တပ်မတော်သား ဆိုတာ ကမ္ဘာ့ ဘယ်နိုင်ငံမှာမှမရှိပေမယ့် မြန်မာတပ်မတော်ကတော့ ဒီလို စစ်သည်တွေနဲ့ ဖွဲ့စည်းထားတာပါ။

ဒီကနေ့ မြန်မာ့အရေးဟာ စစ်ရေးအပြင်  နိုင်ငံရေး၊ စီးပွားရေး တွေပါရောထွေးနေတဲ့အခြေအနေပါ။ ချင့်ချိန်လုပ်ကာမှတော်ရာကျမယ့် အခြေအနေလည်းဖြစ်ပါတယ်။ တပ်မတော်က ပြင်းပြင်ထန်ထန်တန့်ပြန်ခဲ့ရင် နိုင်ငံရေး အရထိခိုက်မှာဖြစ်သလို နောက်ဆက်တွဲ နိုင်ငံ့စီးပွားရေးကိုပါ ရိုက်ခတ်လာမှာဖြစ်ပါတယ်။ သို့သော် ပိုင်နက်နယ်မြေမဆုံးရှုံးစေဖို့ တန်ဖိုးမြင့်မားတဲ့ စစ်လက်နက်တွေမဆုံးရှုံးစေဖို့တော့လိုပါတယ်။

ရန်သူကို နေလိုမီးလိုကျင့်ကြံရမယ်ဆိုတဲ့ ဆောင်ပုဒ်လို စစ်ကို နိုင်အောင် တိုက်ရပါမယ်၊ စစ်ရဲ့နောက်ဆက်တွဲ ကိစ္စတွေကို စစ်နိုင်ရင်ရှင်းမယ်ဆိုတဲ့ ပြတ်သားသောဆုံးဖြတ်ချက်တွေလည်းလို အပ်ပါတယ်။

ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေဟာ တိုင်းပြည်ရဲ့ ပထဝီအနေအထားအရ အချက်အခြာကျတဲ့နယ်မြေတွေဖြစ်လို့ ပဲမထွက်သွားစေဖို့က အရေးအကြီးဆုံးအခြေအနေဖြစ်ပါတယ်။  ဒီကနေ့အထိ အဲ့ဒီ နယ်မြေတွေဟာ မြန်မာနိုင်ငံပိုက်နက် နယ်နိမိတ်ထဲမှာပဲ ရှိသေးပါတယ်။

ဒီနယ်မြေတွေဟာ ခေတ်အဆက်ဆက်က ဘိုးဘေး စစ်သားအိုတွေက ခက်ခက်ခဲခဲနဲ့ ရယူတည်ဆောက်ထားရသော နယ်မြေတွေ ဖြစ်ပြီး ဒီကနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုတာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေသလို နိုင်ငံတော်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ထည့်သွင်းထားရှိပြီးတဲ့နယ်မြေတွေဖြစ်လို့ နှမျှောတတ်တဲ့ စိတ်ရှိသူတိုင်း နှမျှောစရာဖြစ်ပါတယ်။

အခက်အခဲမျိုးစုံနဲ့ ရယူထားခဲ့တဲ့ ရှေ့က ရှေ့အဘိုးဘေးစစ်သားကြီးတွေရဲ့သွေးစက်တွေဟာ အဲဒီမြေမှာ ရှိနေပါလိမ့်အုံးမယ်။

ဖက်ဒရယ်နဲ့ ငြိမ်းချမ်းရေးဆိုတဲ့အိပ်မက်တွေကြားမှာ စစ်ပွဲတွေအရေးနိမ့် နေရသလို  နယ်မြေတွေ ဆုံးရှုံးမှုတွေများ လာခဲ့ရတာကို ပြည်သူတွေ စိတ်မကောင်း ဖြစ်နေကြရတာ တွေ့မြင်နေကြရပါပြီ။

နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးစနစ်က ပြည်ထောင်စုစနစ်ဖြစ်လို့ ဘယ်တိုင်းရင်းသား မဆို နိုင်ငံတော်တွင်းမှာ လွတ်လပ်စွာနေထိုင်သွားလာလိုရပေမယ့် လူမျိုးရေးကို အခြေခံတဲ့လက်နက်ကိုင်အုပ်စု နယ်မြေထဲမှာတော့ ဗမာနဲ့ အခြားတိုင်းရင်းသားတွေရပ်တည်ရှင်သန်ဖို့ဆိုတာ ထင်သလောက် မလွယ်ကူပါဘူး။

ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုသွားချင်တယ်လို့ ပါးစပ်က ပြောရတာသိပ်လွယ်ကူပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၅ က နောက်ဆက်တွဲ ဇယားတွေကို ကောင်အထည်ဖော်လိုက်ရင် ဖက်ဒရယ်ဒီမိုကရေစီစနစ်က ပြည့်စုံနေပါတယ်။

နောက်ထပ် ဖက်ဒရယ်ဒီမိုကရေစီဆိုတာ အပြောလွယ်သလောက် မြေပြင်မှာမလွယ်နိုင်ပါဘူး ဒါ့ကြောင့် သိပ်ပြီး စိတ်ကူးယဥ်လို ကောင်းသောအရာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်အုပ်စုတွေ ရှိနေသမျှ ဖက်ဒရယ်ကို စိတ်ကူးမယဥ်လို့ မရပါဘူး။ သောင်းကျန်းသူကို လက်နက်မဖြုတ်သိမ်းနိုင်ပဲ ငြိမ်းချမ်းရေးအတွက်ဖက်ဒရယ် စိတ်ကူးယဥ်တဲ့အခါ အလျောအစား ကြီးပါတယ်။နို င်ငံပြိုကွဲပျက်စီးပါလိမ့်မယ်။

ဒီကနေ့ MNDAA  ကိုးကန့်သောင်းကျန်းသူတွေ TNLA ဆိုတဲ့ ပလောင်သောင်းကျန်းသူတွေ AA ဆိုတဲ့ ရခိုင်သောင်းကျန်းသူတွေ သိမ်းထားတဲ့ မြို့ရွာတွေမှာ ရှမ်း ကချင် ဗမာ စတဲ့တိုင်းရင်းသားတွေ ထွက်ပြေးနေကြရတာက ဖက်ဒရယ်ဆိုတာ စိတ်ခံစားမှုတစ်ခုဆိုတာကို ပြသနေတာပါပဲ။

လက်နက်ကိုင် သောင်းကျန်းသူတွေဟာ တိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့ အမည်ကိုခုတုံးလုပ်ပြီး လူမျိုးစုတစ်စု အတွက်သာလက်နက်ကိုင် အုပ်ချုပ်နေကြပေမယ့် အဲ့ဒီလူမျိုးစုဆိုတာကလည်း သူတို့ ဖွတ်သမျှ ထောင်းသမျှလူးလိမ့်အောင်ခံစားနေကြရတာပါ။

တပ်မတော်ဟာ အင်အားတောင့်တင်းတဲ့ တပ်မတော်ဖြစ်ပါတယ်။ အင်အားတောင့်တင်းအောင် တည်ဆောက်နေဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ တပ်မတော်မှတပါး အခြား အားကိုးရမရှိဆိုတာက လက်တွေ့ကျလွန်းပါတယ်။

နယ်မြေတွေကိုစွန့်လွှတ်ပေးလိုက်တာနဲ့ နိုင်ငံငြိမ်းချမ်းသွားမှာမဟုတ်ပါ။ အဲ့ဒီနယ်မြေတွေကို ရရှိထားတဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေက ဥပဒေမဲ့အုပ်ချုပ်မှုတွေကြောင့် တိုင်းရင်းသားတွေ ပိုပြီး ဒုက္ခမျိုးစုံခံလာရမှာဖြစ်သလို အခြေခံနယ်မြေတည်ဆောက်ပြီး နိုင်ငံတော်ကို ဒုက္ခ မျိုးစုံပေးကြအုံးမှာလည်း ဖြစ်ပါတယ်။

ဘိုးဘေးစစ်သားကြီးတွေက ခက်ခဲကြမ်းတမ်းစွာနဲ့ ရယူတည်ဆောက်ပေးထားတဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာပိုင် ပိုင်နက်နယ်မြေတွေကို ဘိုးဘေးစစ်သားကြီးတွေရဲ့သစ္စာကို စောင့်သိတဲ့အနေနဲ့ ပြန်လည်ရယူပေးကြပါ။

တပ်မတော်ကို ဆန့်ကျင် တိုက်ခိုက် မုန်းတီးနေသူတွေက ဒီကနေ့ နိုင်ငံတော်ကို အလုံးစုံပျက်သုံးရေးဆီ ဦးတည်နေကြပါတယ်။ နိုင်ငံနဲ့ ပြည်သူပျက်စီးမှာကို ငဲ့ကြည်မယ့်သူမဟုတ်တဲ့ အလုံးစုံပျက်စီးရေးလမ်းကြောင်း ပေါ်ကို ဆွဲတင်နေတဲ့သူတွေကို  ပြည်သူပြည်သားဆိုပြီး သဘောထားကောင်းနေသမျှ လျော့တွက်နေသမျှတော့ တိုင်းပြည်ဟာ အလုံးစုံပျက်စီးရေးလမ်းကြောင်းပေါ် ရောက်ရှိသွားမှာဖြစ်တယ်လို့ တင်ပြလိုပါတယ်။

“ပြည်သူ့ဆန္ဒအမှန်”

အမြင့်ဆုံးအင်အား၊ အကောင်းဆုံးစွမ်းအားနဲ့ အပြင်းအထန်ထိုးစစ်ဆင်ပြီး ဆုံးရှုံးသွားခဲ့ရတဲ့ ဘိုးဘေးတွေထားခဲ့တဲ့ နယ်မြေတွေကို ပြန်လည်ရယူပေးဖို့ ဖြစ်ပါတယ်။

#PAN