ယီမင်အား အမေရိကန်နှင့်ဗြိတိန်တို့က တိုက်ခိုက်မှုအပေါ် ကြားဝင်ဖြေရှင်းပေးရန် ရုရှားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား တောင်းဆို

ဇန်နဝါရီလ ၁၄

ယီမင်နိုင်ငံအပေါ် အမေရိကန်နှင့်ဗြိတိန်တို့က  တိုက်ခိုက်မှုအပေါ် ကြားဝင်ဖြေရှင်းပေးရန် ရုရှားနိုင်ငံက ကုလသမဂ္ဂလုံခြုံရေး ကောင်စီအား  ဇန်နဝါရီလ ၁၂ ရက်တွင် တောင်းဆိုလိုက်သည်။

ယီမင်နိုင်ငံအတွင်းရှိ ဟူသီသူပုန်များ၏ ပစ်မှတ်များအပေါ် အမေရိကန်၊ ဗြိတိန်တပ် များက ဇန်နဝါရီလ ၁၂ ရက်အစောပိုင်းတွင် ဝင်ရောက်တို က်ခိုက်ခဲ့ပြီးနောက် ကုလသမဂ္ဂဆိုင်ရာ ရုရှားကိုယ်စားလှယ်အဖွဲ့က လုံခြုံရေး ကောင်စီအား တောင်းဆိုလိုက်ခြင်းဖြစ်သည်။ အမေရိကန်နှင့် ဗြိတိန်တို့၏ လေကြောင်းမှ တိုက်ခိုက်မှုကို သြစတြေးလျ၊ ဘားရိန်း၊ ကနေဒါနှင့် နယ်သာလန်နိုင်ငံတို့က အထောက် အပံ့ပေးခဲ့ကြောင်း သိရသည်။

အလားတူ အမေရိကန်နှင့်ဗြိတိန်တပ်များ၏ တိုက်ခိုက်မှုများသည် သင့်တော်မှုမရှိကြောင်း၊ ၎င်းတို့၏လေကြောင်းမှ တိုက်ခိုက်မှုများသည် ပင်လယ်နီအား သွေးကြောင်းစီးရာ ဒေသတစ်ခုအဖြစ် ပြောင်းလဲစေနိုင်ကြောင်း တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က အစ္စတန်ဘူလ်မြို့၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားသည်။

ယခုလုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုများသည် ပင်လယ်နီအတွင်း သွားလာနေသည့် ကုန်တင်သင်္ဘောများအား ဟူသီသူပုန်များက တိုက်ခိုက်မှုအပေါ် တုံ့ပြန်သည့်လုပ်ဆောင်ချက် ဖြစ်ကြောင်း တိုက်ခိုက်မှုအပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားသည်။

ဟူသီသူပုန်များသည် အရှေ့အလယ်ပိုင်း ဒေသတွင် အစ္စရေးတပ်များ၏ တိုက်ခိုက်မှုများအပေါ်တုံ့ပြန်သည့် အနေဖြင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမပြီးသေးသရွေ့ ပင်လယ်နီနှင့် ဘတ်အယ်လ်မန်ဒမ် ရေလက်ကြားအား ဖြတ်ကျော်မောင်းနှင်သည့် မည်သည့်ရေယာဉ်ကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ကြေညာခဲ့ပြီး တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့ရာမှ ပဋိပက္ခမှာ ကြီးထွားလာခြင်းဖြစ်ကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews