
(နိုင်ငံတကာ) ဇွန် ၂၅
ဂါဇာကမ်းမြောင်ဒေသတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ လကတည်းက “အပစ်အခတ်ရပ်စဲရေး” သဘောတူညီချက် စတင်သက်ရောက်ခဲ့သော်လည်း အစ္စရေးတပ်ဖွဲ့များက ဆက်တိုက်ချိုးဖောက်ကာ တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ဂါဇာနှင့် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေ (West Bank) တို့တွင် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံး ပါလက်စတိုင်းနိုင်ငံသား နှစ်ဦး ထပ်မံသေဆုံးသွားခဲ့ကြောင်း ကျန်းမာ ရေးအာဏာပိုင်များထံမှ သိရသည်။
ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့အနောက်ဘက်ရှိ အယ်လ်မာဝါစီ (al-Mawasi) ဒေသကို အစ္စရေးစစ်တပ်က “ဘေးကင်းလုံခြုံရာဇုန် (Safe Zone)” အဖြစ် ကနဦးက သတ် မှတ်ပေးခဲ့သော် လည်း၊ ဗုဒ္ဓဟူးနေ့တွင် အဆိုပါနေရာရှိ အရပ်သားများ ခိုလှုံရာရွှေ့ပြောင်းတဲတစ်ခုကို ဒရုန်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။
နက်ဆာဆေးဘက်ဆိုင်ရာဌာန (Nasser Medical Complex) ၏ ထုတ်ပြန်ချက်အရ ၎င်းတိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ် အာမက် (Ahmed) သေဆုံးခဲ့ပြီး အခြားအရပ်သား ၇ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ၂၀၂၃ ခုနှစ် အောက်တိုဘာလ စစ်ပွဲစတင်ချိန်မှစ၍ လက်ရှိအချိန်ထိ အစ္စရေး၏ လူမျိုးတုံးသတ်ဖြတ်မှုစစ် ပွဲကြောင့် သေဆုံးရသည့် ပါလက်စတိုင်းသား ၇၃,၀၄၁ ဦး ရှိလာပြီဖြစ်ကာ ဒဏ်ရာရသူ ၁၇၃,၄၀၂ ဦး ရှိကြောင်းနှင့် အပစ်ရပ်ပြီးနောက်ပိုင်းတွင်တင် အစ္စရေးကြောင့် လူပေါင်း ၁,၀၂၇ ဦး သေ ဆုံးခဲ့ရပြီးဖြစ်သည်။
ယခုကလေးငယ် သတ်ဖြတ်ခံရမှုသည် ကုလသမဂ္ဂ စုံစမ်းစစ် ဆေးရေးကော်မရှင်က အစ္စရေးစစ်တပ်အနေဖြင့် ကလေးသူ ငယ်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေခြင်းသည် ပါလက် စတိုင်းလူမျိုးတုံးသတ်ဖြတ်မှုဗျူဟာ၏ အစိတ်အပိုင်းဖြစ် ကြောင်း အစီရင်ခံစာထုတ်ပြန်ပြီး နောက်တစ်ရက်၌ပင် ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။
ထို့ပြင် အစ္စရေးအာဏာပိုင်များက ဂါဇာဒေသတွင်းသို့ ဆေး ဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ သယ်ယူခွင့်ကို ဆက်လက်ပိတ်ပင်ကန့်သတ်ထားသဖြင့် ဒရုန်းဒဏ်ရာရရှိသူ အရပ်သားများကို ကုသပေးရန် ဆရာဝန်များမှာ အလွန်ခက်ခဲနေကြောင်း အယ်လ်ဂျာဇီးယားသတင်းထောက် ဟစ်ဒ် ခိုဒါရီက မြေပြင်မှ သတင်း ပေးပို့ထားသည်။
တစ်ချိန်တည်းမှာပင် အစ္စရေးအထူးတပ်ဖွဲ့ (Duvdevan ယူနစ်) သည် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေမြောက်ပိုင်း ဂျီနင်မြို့အနောက်ဘက်ရှိ အယ်လ်ယာမွန် (al-Yamoun) မြို့သို့ မွန်းလွဲပိုင်းတွင် အလုံးအရင်းဖြင့် စီးနင်းဝင်ရောက်ခဲ့သည်။ ၎င်းတို့သည် အသက် ၂၉ နှစ်အရွယ် ပါလက်စတိုင်းလူငယ် မိုဟာမက် နာဇမ် ဇာရက်ဒ် (Mohammed Nazem Zayed) ရှိနေသည့် နေအိမ်ကို ဝိုင်းရံကာ ကျည်ဆန်းများဖြင့် ပစ်ခတ်ခဲ့ပြီး ၎င်းအား ဆေးကုသခွင့်မပေးဘဲ သွေးလွန်ကာ သေဆုံးသည်အထိ ပစ်ထားခဲ့သည့်အပြင် ၎င်း၏ရုပ်အလောင်းကိုပါ စစ်တပ်က မတရားသိမ်းဆည်းသွားခဲ့သည်။
၂၀၂၆ ခုနှစ်အတွင်း အနောက်ဘက်ကမ်းခြေတစ်ခုတည်း၌ပင် အစ္စရေးစစ်တပ်နှင့် အစွန်းရောက်အခြေချနေ ထိုင်သူများကြောင့် ပါလက်စတိုင်းသား ၇၁ ဦး သေဆုံးခဲ့ရပြီး၊ စစ်ပွဲစတင်ချိန်မှစ၍ ထိုဒေသတွင် လူပေါင်း ၁,၁၇၃ ဦး သေဆုံးကာ ၂၃,၀၀၀ ခန့် မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရကြောင်း ပါလက်စတိုင်းအစိုးရ တရားဝင်ကိန်း ဂဏန်းများအရ သိရှိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN