အစ္စရေး – ပါလက်စတိုင်း စစ်ပွဲ၏ နောက်ဆက်တွဲပြဿနာ ပင်လယ်နီ၌ ဟူသီသူပုန်များ၏ တိုက်ခိုက်မှု

ဇန်နဝါရီ ၁၂

   ယီမင်ရှိ ဟူသီသူပုန်များသည် ပင်လယ်နီ အတွင်း သင်္ဘောများကို တိုက်ခိုက်မှုများအား ချက်ချင်းရပ် တန့်ရန် ဇန်နဝါရီ ၁ဝ ရက်၊ဗုဒ္ဓဟူးနေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုခဲ့ပြီး သင်္ဘောများကို ခုခံကာကွယ်နေသည့် အမေရိကန်ဦးဆောင်သည့် လုပ်ငန်းအဖွဲ့အား ပြတ်ပြတ်သားသား ထောက်ခံနေချိန်တွင် တင်းမာမှုများ ပြင်း ထန်မလာစေရန် သတိ ပေးထားကြောင်း သိရသည်။

     နိုဝင်ဘာ ၁၉ ရက်က ဟူသီသူပုန်များ သိမ်းပိုက်ခဲ့သည့် အစ္စရေး စီးပွားရေးသမား အဖွဲ့ခေါင်းဆောင်တစ်ဦးနှင့် ချိတ်ဆက်မှုရှိသည့် ဂျပန် လုပ်ငန်းသုံး ယာဉ်တင်သင်္ဘော Galaxy Leader ကို လွှတ်ပေးရန် တောင်းဆိုသည့် လုံခြုံ ရေးကောင်စီ၏ ဆုံးဖြတ်ချက်တစ်ခုမှ ယင်းတောင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး၊ ရေ ကြောင်းသွားလာခွင့်နှင့် လွတ်လပ်ခွင့်များအပြင် ဒေသတွင်း ငြိမ်းချမ်းရေးကို ဟန့်တားနေသည့် ဟူသီသူပုန်များအား တိုက်ခိုက်မှုအားလုံး ချက်ချင်းရပ်တန့်ရန် တောင်းဆိုချက်ကို အဖွဲ့ဝင် ၁၁ နိုင်ငံက မဲပေးခဲ့ကြ၍ ရုရှားနှင့် တရုတ်အပါအဝင် ဗီတိုအာဏာသုံး အဖွဲ့ဝင် ၄ နိုင်ငံက ကြားနေခဲ့ကြကာ ကန့်ကွက်မဲ ပေးမှု မရှိခဲ့ကြောင်း သိရပါ သည်။

     အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံများ၏ အခွင့်အရေးကို မှတ်သား၍ အမေရိ ကန်နှင့် ဂျပန်တို့က ကမကထပြုသည့် အဓိက ပြဌာန်းဆုံးဖြတ်ချက်မှာ “ရေကြောင်းသွားလာခွင့်နှင့် လွတ် လပ်ခွင့်များ ထိခိုက်စေ သော သင်္ဘောများကို တိုက် ခိုက်ခြင်းမှ ကာကွယ်ရန်”ဖြစ်သည်။

      အဆိုပါ ပြဋ္ဌာန်းချက်သည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့ရှိ စီးပွားဖြစ်သင်္ဘောများကို ဟူသီတို့က ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုမှ ခုခံကာကွယ်ပေးသည့် အမေရိကန်ဦးဆောင်သော နိုင်ငံစုံ ရေတပ်စစ်အုပ်စုဖြစ်သည့် Operation Prosperity Guardian ကို သွယ်ဝိုက်သော ထောက်ခံမှုတစ်ခုဖြစ်ပြီး “ပင်လယ် နီရှိ ရေကြောင်းသွားလာခွင့်နှင့် လွတ်လပ်ခွင့်များကို ခြိမ်းခြောက်မှုသည် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုတစ်ခု လိုအပ်သည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု တစ်ရပ်ဖြစ် သည်” ဟု အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က ကောင်စီအား အတည်ပြုရန် တိုက် တွန်းပြောကြားခဲ့ကြောင်း သိရပါသည်။

      ပြည်တွင်းစစ်အတွင်း ယီမင်နိုင်ငံအများအပြားကို သိမ်းပိုက်ခဲ့သော အီရန်နှင့် မဟာမိတ်အဖွဲ့ ဖြစ်သည့် ဟူသီတို့သည် ဂါဇာတွင် အစ္စရေးတို့၏ ထိုးစစ်ကို တိုက်ခိုက်နေသည့် ဟားမတ်စ်အစ္စလာမ္မစ်များကို ထောက်ခံကြောင်း ပြသမှုအဖြစ် အစ္စရေးနှင့် ချိတ် ဆက်သော သင်္ဘောများကို တိုက်ခိုက်ရန် သို့မဟုတ် အစ္စရေးဆိပ်ကမ်းများကို ကန့်သတ်ရန် ကြွေးကြော်ထားသည်။

     သို့သော်လည်း ပစ်မှတ်ထားသော သင်္ဘောအများအပြားသည် အစ္စရေးနှင့် အဆက်အစပ် မရှိကြပေ။အဆင့်မြင့် ဒုံးကျည်များနှင့် ဒရုန်းများ အပါအဝင် ဟူသီ တိုက်ခိုက်မှုအတွက် အရေးကြီးသော ပံ့ပိုးကူညီမှု ပေးနေသည့် အီရန်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက်များ ချိုးဖောက်နေကြောင်း အမေရိကန် က စွပ်စွဲထားပြီး အီရန်က အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုထားကာ ယီမင်ရှိ ဟူသီ ပြောရေးဆို ခွင့်ရှိသူ Mohammed Abdul Salam က ကုလ သမဂ္ဂ၏ ဆုံးဖြတ်ချက်ကို နိုင်ငံရေး ကစားနည်းအဖြစ် ပယ်ချခဲ့ပြီး အမေရိကန်သည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်သူဖြစ်သည်ဟု ပြောကြားခဲ့သည်။

      ဟူသီတို့၏ တိုက်ခိုက်မှု အရင်းခံအကြောင်း
တရားများတွင် ဂါဇာစစ်ပွဲ အပါအဝင် အမေရိကန် ဦး ဆောင်သော လုပ်ငန်းအဖွဲ့၏ သွယ်ဝိုက်သော ထောက် ခံမှုကို ဖယ်ရှားမည့် ရုရှားက အဆိုပြုထားသော ပြင် ဆင်ချက်ကို ကောင်စီက ပယ်ချပြီးနောက် ထိုသို့ မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ရုရှားသံအမတ်ကြီး Vassily Nebenzia က အမေရိကန်ဦးဆောင်သော လုပ်ငန်းအဖွဲ့၏ တရားဝင်မှုကို မေးခွန်းထုတ်ခဲ့ကာ ရေးဆွဲထားသည့် ဆုံး ဖြတ်ချက်သည် ” အဖွင့် အပိတ် ကောင်းတစ်ခု” ဟု ပြောကြားခဲ့သည်။

        ယီမင်မှ အီရန်ကျောထောက် နောက်ခံပြုထားသော ဟူသီ စစ်သွေးကြွများသည် ဂါဇာကမ်းမြှောင်၌ အစ္စရေး၏စစ်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် ပင် လယ်နီတွင် ကုန်တင်သင်္ဘောများအား အရှိန်မြှင့် တိုက်ခိုက်လျက်ရှိရာ သင်္ဘောလိုင်း မျိုးစုံတို့သည် အာဖရိကတစ် ဝိုက်တွင် ခရီးရှည်သွားမည့်အစား သွားလာမှုများကို ရပ်ဆိုင်းထားရသည်။ ဟူသီ တို့၏ တိုက်ခိုက်မှုများကြောင့်  ရေကြောင်းကုန်သွယ်မှုများ အနှောင့် အယှက်ဖြစ်ခဲ့ပြီး အချို့သင်္ဘောလိုင်းများသည် ပင်လယ်နီမှ သင်္ဘောများကိုလမ်းကြောင်း ရှည်များဆီသို့ ပြောင်း လဲသွားလာခဲ့ကြရ၍ စွမ်းအင်နှင့် အစား အသောက်ဈေးနှုန်း မြင့်တက်မည့် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပေါ်ခဲ့သည်။

     ထိုကဲ့သို့ ပင်လယ်နီဒေသအတွင်း သင်္ဘောလမ်း များကို တိုက်ခိုက်မှုများသည် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဗြိတိန်စီးပွားရေးအပေါ် သက် ရောက်မှု ရှိနိုင်သည်ဟု ဘဏ္ဍာရေးဝန်ကြီး ဂျယ်ရမီဟန့်က ဇန်နဝါရီ ၆ ရက်၊ စနေနေ့တွင် ပြောကြားခဲ့သည်။

       ဟူသီတို့သည် Galaxy Leader သင်္ဘောကို သိမ်း ပိုက် ရယူပြီး နောက်ပိုင်း သင်္ဘောများအပေါ်တိုက်ခိုက်မှု ၂၆ ကြိမ် ရှိခဲ့သည်ဟု US Central Command က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါ သည်။

      ယီမင်ရှိ ဟူသီသူပုန်များကို ပင်လယ်နီအတွင်း
သင်္ဘောများ တိုက်ခိုက်နေမှုများမှ ချက်ချင်းရပ် တန့်ရန် ဇန်နဝါရီ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကုလ သမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုခဲ့ပြီး တင်းမာမှုများ ပြင်းထန်လာခြင်းမှ ကာကွယ်ရန် သင်္ဘောများကို အကာအကွယ်ပေးနေသည့် အမေရိကန် ဦးဆောင်သည့် လုပ်ငန်းအဖွဲ့အား လုံးဝထောက်ခံခဲ့သည်။

      ပင်လယ်နီတွင် ရေကြောင်း သွားလာရေးဆိုင် ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်သည် နိုင်ငံရေးကစားနည်းဖြစ်ပြီး အမေရိကန်သည် နိုင်ငံတကာ ဥပဒေကို ချိုးဖေါက်သူ ဖြစ်သည်ဟု ယီမင်ရှိ ဟူသီတော်လှန်ရေးကော်မတီ၏ အကြီးအကဲ Mohammed Ali al-Houthi က ဇန်နဝါရီ  ၁၁ ရက်၊ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

     Al-Houthi က ယီမင် လက်နက်ကိုင်တပ်ဖွဲ့များ လုပ်ဆောင်နေသည့် လုပ်ရပ်မှာ တရားဝင် ကာကွယ်ရေးဘောင်အတွင်း ရောက်ရှိလာပြီး ၎င်းတို့ ရင်ဆိုင်နေရသည့် မည်သည့် လုပ်ဆောင်
ချက်ကိုမဆို တုံ့ပြန်မှုရှိလာမည်ဟု မီဒီယာ ပလက်
ဖောင်း X တွင် ရေးသားခဲ့ကာ “ဂါဇာမှာ အစ္စရေး –
အမေရိကန် ဝိုင်းပိတ်ထားတဲ့ လူ ၂.၃ သန်းကို ချက်ချင်း ပြန်လွှတ်ပေးဖို့ လုံခြုံရေးကောင်စီကိုတောင်းဆိုထားပါတယ်” ဟု ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းအရ သိရပါသည်။

       အစ္စရေးနိုင်ငံတွင် စစ်ဖြစ်ပွားမှုကြောင့် စစ်ပွဲ
ကုန်ကျစားရိတ် တိုးမြင့်လာမှုအပေါ် ဘတ်ဂျက် တိုးတောင်းခံနေကြရရာ ဆန္ဒပြတောင်းဆိုမှုများနှင့် ကန့်ကွက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ကြို တင် ညှိနှိုင်းနိုင်ရန် စစ်အတွင်း အသုံးစားရိတ် ပြန်လည် ပြင်ဆင်ရေး မဲခွဲမှုကို ရက်ရွှေ့ဆိုင်းပေးထားရပြီး ဂါဇာကမ်းမြှောင်တွင်းမှ ဟားမတ်စ်တို့၏ ပြန်လည်တိုက်ခိုက်နေမှုများမှာ အတော် အတန် လျှော့ကျလာကြောင်းတွေ့ရသော်လည်း လက်ဘနွန်ဖက်မှ ဟစ်စ်ဇ်ဘိုလာတို့၏ တိုက်ခိုက်နေမှုနှင့် ယီမင်ရှိ ဟူသီ သူပုန်အုပ်စုမှ Red Sea ဧရိယာတစ်ဝိုက် ပင်လယ် ရေကြောင်းသွားလာသည့် သင်္ဘောများအပေါ်တိုက်ခိုက်နေမှုများ ကြောင့် ဒေသတွင်းသို့ ကူးစက်မလာနိုင်စေရန်
နိုင်ငံတကာမှ စိုးရိမ်နေကြရ၍ အစ္စရေး စစ်ပွဲကာလ အစိုးရ၏ ရဲဝံ့ပြတ်သားစွာ လုပ်ဆောင်နိုင်မှု အခြေအနေကို စောင့်ကြည့်ရမည် ဖြစ်ကာ အမေရိကန် ဦးဆောင်သော အဖွဲ့၏ လုပ်ရပ်များ၊ အီရန်နှင့် ၎င်းကျောထောက် နောက်ခံပြုထားသည့် အဖွဲ့များ၏ လုပ်ဆောင်မှုများမှာလည်း အရေးပါမှု ရှိသဖြင့် မျက်ခြေမပြတ် စောင့်ကြည့်ရမည် ဖြစ်ပါကြောင်း လေ့လာသုံးသပ် ဖော်ပြအပ်ပါ သည်။