ဂျာမနီ၌ လယ်သမားများက ထွန်စက်များဖြင့် လမ်းပိတ်ပြီး ဆန္ဒပြမှုဖြစ်ပွား

ဇန်နဝါရီလ ၁၂

ဂျာမနီနိုင်ငံတစ်ဝန်းရှိ အမြန်လမ်းမကြီးများ၌ လယ်သမားများက ထွန်စက်များဖြင့် လမ်းပိတ်ပြီး ဆန္ဒပြမှုဖြစ်ပွားကြောင်းနှင့်    အစိုးရက  လယ်ယာကဏ္ဍအပေါ် စစ်ကြေညာခြင်း ဖြစ်ကြောင်း ဆန္ဒပြသူများက စွပ်စွဲထားသည်။

ဘဏ္ဍာငွေ အကျပ်အတည်းနှင့်ရင်ဆိုင် နေရသည့် ဂျာမနီအစိုးရသည် ဒီဇယ်ဆီများ အတွက် ထောက်ပံ့ကြေးပေးနေမှုကို ဖျက်သိမ်းခြင်း၊ လယ်ယာသုံးစက်ပစ္စည်းများအပေါ် အခွန်လျှော့ချထားမှုကို ပြန်လည်ကောက်ခံခြင်း၊ လမ်းတံတား ကြေးများ တိုးမြှင့်ကောက်ခံခြင်းတို့ လုပ်သွားရန် စီစဉ်ထားသည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။

ထို့ကြောင့် လယ်သမားများက ဘာလင်မြို့ရှိ ဘရန်ဒန်ဘာ့ဂိတ်ရှေ့ အပါအဝင် နိုင်ငံတစ်ဝန်း၌ လမ်းများ ပိတ်ဆို့ဆန္ဒပြမှုများကို လုပ်ဆောင်ခြင်းဖြစ်သည်။

ဆန္ဒပြသည့် လယ်သမားများသည် ၎င်းတို့၏ ထွန်စက်များ၌ “လယ်သမားများ မရှိလျှင်အနာဂတ်မရှိ” ဟူသော နဖူးစည်း များကိုချိတ်ဆွဲကာ ထွန်စက်များကို တန်းစီ၍ ဆန္ဒပြခြင်းဖြစ်သည်။

ထို့နောက် အစိုးရအဖွဲ့က ၎င်းတို့စီစဉ်ထားသော ထောက်ပံ့ကြေးဖြတ်ချမှု အနက် တချို့တစ်ဝက်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

သို့သော် အစိုးရအဖွဲ့၏ လိုက်လျောမှုသည် လုံလောက်မှု မရှိသေးကြောင်းနှင့် ဆန္ဒပြမှုများကို စီစဉ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဂျာမန်လယ်သမားများ အစည်းအရုံးက ထုတ်ပြန်ထားသည်။

ဂျာမနီအစိုးရအနေဖြင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ထောက်ပံ့ကြေး အများဆုံး ပေးထားခြင်းဖြစ်သောကြောင့် ဆန္ဒပြမှုများကို ပြန်လည်ရုပ်သိမ်းရန် ဘဏ္ဍာရေးဝန်ကြီးက တောင်းဆိုထားသည်။

လယ်သမားများကမူ အစိုးရ၏ ယခုကဲ့သို့လုပ်ဆောင်မှုသည် ၎င်းတို့၏ လူနေမှုဘ၀ ကိုခြိမ်းခြောက်နေကာ ဂျာမနီ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍယှဉ်ပြိုင်မှုကို အားနည်းစေမည်ဖြစ်ကြောင်း တုံ့ပြန်ထားသည်ဟု သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews