အမေရိကန်အစိုးရက အထက်လွှတ်တော်၏ ပြန်လည်သုံးသပ်မှုမရှိဘဲအစ္စရေးအစိုးရကို အမေရိကန်ဒေါ်လာ ၁၄၇ ဒသမ ၅ သန်းတန်ဖိုးရှိ လက်နက်များ ရောင်းချရန် အတည်ပြု

ဒီဇင်ဘာ ၃၁

      ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတပ်ဖွဲ့ဝင်များက စစ်ဆင်ရေး ဆက်လက်ဆင်နွှဲလျက်ရှိစဉ် အမေရိကန်အစိုးရသည် အမေရိကန်ဒေါ်လာ ၁၄၇ ဒသမ ၅ သန်း တန်ဖိုးရှိသည့် အမြောက်ကျည်ဆန်များ အပါအဝင် အခြားသော ဆက်စပ်လက်နက်များကို အစ္စရေးအစိုး ရထံ ရောင်းချရန် သဘောတူညီချက်ကို ယမန်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

       အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါသဘောတူညီချက်ကို ဒီဇင်ဘာ ၃၀ ရက်တွင် တရား ဝင် ကြေညာချက်တစ်ရပ်ထုတ်ပြန် သည်။ အစ္စရေးအစိုးရကို လက်နက်များချက်ချင်းရောင်းချရန် လိုအပ်သည့် အရေးပေါ်အခြေအနေကြောင့် အမေရိကန်အစိုး ရသည် လက်နက်ရောင်းဝယ်ရေးဆိုင်ရာ သဘောတူညီချက်ကို အတည်ပြုရာတွင် ပုံမှန်ကျင်းပပြုလုပ်သည့် အထက်လွှတ်တော်အစည်းအဝေး၏ ပြန်လည်
သုံးသပ်မှုကို ရယူခြင်းမရှိခဲ့ကြောင်း သိရသည်။

      အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony
Blinken သည် ကွန်ဂရက် လွှတ်တော်မှ ပြန်လည်
သုံးသပ်ခြင်းမရှိသေးဘဲ ၁၅၅ မီလီမီတာအမြောက်ကျည်များနှင့် ဆက်စပ်ပစ္စည်းများကို အစ္စရေးသို့ ရောင်းချရန် အတည်ပြုခဲ့သည်ဟု ပင်တဂွန် စစ်ဌာန ချုပ်က ဒီဇင်ဘာ ၂၉ ရက်၊သောကြာနေ့တွင် ပြောကြားခဲ့သည်။

      သမ္မတ ဂျိုးဘိုင်ဒင်ဦးဆောင်သည့် အမေရိကန်အစိုးရသည် အစ္စရေးနိုင်ငံသို့ လက်နက်များ ထောက်ပံ့ရန် အထက်လွှတ်တော်၏ သဘောတူညီမှုမယူဘဲ ရောင်းချရန် သဘောတူညီခဲ့သည်မှာ ယခုလအတွင်း ဒုတိယအကြိမ်ဖြစ်သည်။

      အထက်လွှတ်တော်၏ သုံးသပ်မှုမယူဘဲ ယင်းသို့ လုပ်ဆောင်ခြင်းသည် အမေရိကန်အစိုးရအပေါ် အမေရိကန်ပြည်သူများသာမက အခြားနိုင်ငံများကပါ ဝေဖန်မှုများ ပိုမိုမြင့်တက်လာကြောင်းသိရသည်။ ဂျိုးဘိုင်ဒင်အစိုးရသည် ကမ်းမြောင်ဒေသရှိ အရပ်သားများကို ကာကွယ်ရန် အစ္စရေးအစိုးရကို တိုက်တွန်းထားကြောင်းအလေးပေးပြောကြားလျက်ရှိသော် လည်း လက်ရှိတွင် အစ္စရေးတပ်ဖွဲ့ဝင်များသည် ဟားမတ်စ်အဖွဲ့အပေါ်စစ်ဆင်ရေးဆင်နွှဲမှုများ အရှိန်ပြင်းစွာ ဆောင်ရွက်လျက်ရှိသည့်အတွက် သေဆုံးသူအရေ အတွက် ပိုမိုမြင့်တက်လျက်ရှိကြောင်း သိရသည်။

     ပင်တဂွန်စစ်ဌာနချုပ်က ၁၅၅ မီလီမီတာ အမြောက် ကျည်များအတွက် အစ္စရေးမှ ယခင်တောင်းဆိုမှုတွင် fuzes၊ primers နှင့် charges များကိုပါ ထည့်သွင်းပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုထားပြီး ရောင်းချမှု၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၇.၅ သန်း ဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရသည်။

#PAN