၁၂ ကြိမ်မြောက် မွန်လူငယ်များ‌နေ့အခမ်းအနားကို ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာရှိ အ.ထ.က (ထန်းပင်ချောင်ကြီး)အနီး လယ်ကွင်း၌ စည်ကားသိုက်မြိုက် စွာကျင်းပ

ဒီဇင်ဘာ ၂၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာရှိ အ.ထ.က(ထန်းပင်ချောင်ကြီး)အနီး လယ်ကွင်း၌ ၁၂ ကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီမှ ၈ နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါအခမ်းအနားတွင် သဘာပတိအဖွဲ့ဝင်များအဖြစ် မွန်ဆရာတော်များဖြစ်သည့် ပေါင်မြို့၊ ဘုရားကြီးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တစန္ဒေါဘာသ ပါသံဃာတော် ၃ ပါး၊ ထန်းပင်ချောင်ကြီး ကျေးရွာမှ မွန်လူငယ်များနေ့ အခမ်းအနား ကျင်းပ ရေး ကော်မတီ ဥက္ကဌ/မွန်ညီညွှတ်ရေးပါတီ ပါတီဗဟိုကော်မတီဝင်နိုင်ချမ်းမြင့်၊ NMSP(မွန်)အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်စိုက်ချမ်းထော၊ မွန်ညီညွှတ်ရေးပါတီအတွင်းရေးမှူး မိစန္ဒာနွန်၊ မွန်လူငယ်များဖြစ်သည့် ထန်းပင်ချောင်ကြီး ကျေးရွာနေ နိုင်မရောချမ်း၊ မိချမ်းထော၊ နိုင်ပါရချမ်းတို့မှ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အခမ်းအနားတွင်ဦးစွာ သဘာပတိအဖွဲ့ဝင်များမှ စင်မြင့်ထက်တွင်နေရာယူခြင်း၊ မွန်ပြည်နယ် အတွင်းရှိ ရေးမြို့ ဘင်ခရာအဖွဲ့၊ ကျိုက်မရောဘခရာအဖွဲ့၊ ချောင်းဆုံမြို့ ဘင်ခရာအဖွဲ့၊ ရေးမြို့နယ်၊ သောင်ပြင်ကျေးရွာဘင်ခရာအဖွဲ့၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ဘင်ခရာအဖွဲ့၊ ထန်းပင်ချောင်ကြီးကျေးရွာ ဘင်ခရာအဖွဲ့၊ လက်ပံတောကျေးရွာ ဘင်ခရာအဖွဲ့ များပါ စုစုပေါင်း ဘင်ခရာအဖွဲ့ ၇ ဖွဲ့မှ အင်အား ၇၀၀ ဦးဖြင့် စစ်ကြောင်းပုံဖြင့် ချီတက်၍ ကွင်းအတွင်းနေရာယူခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ မွန်လူငယ်အလံကိုင်အဖွဲ့ဝင်တစ်ဦးမှ မွန်အလံအား အလံတိုင်ထိပ်သို့လွှင့်တင်ခြင်း၊ တက်ရောက်လာသူ များမှ မွန်အမျိုးသားသီချင်းအားသီဆိုခြင်း၊ မွန်အမျိုးသားအလံအား စုပေါင်း အလေးပြုခြင်း၊ ကျဆုံးလေပြီးသော မွန် အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဘုရားကြီးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တစန္ဒေါဘာသ၊ ပရဟိတ ကျောင်းတိုက်မှ ဥူးမေဓိယ တို့မှ ၁၂ ကြိမ်မြောက် မွန်လူငယ်များနေ့အတွက် အမှာစကားမိန့်ကြားခြင်းများ ပြုလုပ်ခဲ့ ကြပါသည်။

၁၂ ကြိမ်မြောက် မွန်လူငယ်များနေ့အတွက် NMSP (မွန်)အဖွဲ့ဥက္ကဌ နိုင်ဟံသာ မှ ပေးပို့သော သဝဏ်လွှာကို NMSP(မွန်) အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်စိုက်ချမ်းထောမှ ဖတ်ကြားခဲ့ကြောင်း၊ ဆက်လက်၍ မွန်ညီညွှတ်ရေးပါတီ အတွင်းရေးမှူး မိစန္ဒာနွန်မှ ယခုကဲ့သို့ မွန်လူငယ်များနေ့တွင် ထန်းပင်ချောင်ကြီးကျေးရွာ၌ စုဝေး၍ လာရောက်တွေ့ဆုံခွင့် ရသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိကြောင်း အမှာစကားပြောကြားခဲ့ပါသည်။ သဘာပတိအဖွဲ့ဝင် မွန်လူငယ် တစ်ဦး ဖြစ်သည့် နိုင်မရောချမ်းမှ မွန်စာ‌ပေနှင့် ယဉ်ကျေးမှုပိုမိုတိုး တက်အောင်ဆောင်ရွက်ပြီး မွန်လူငယ် အချင်းချင်း အမြင်ချင်း ဖလှယ်ကာ စည်းလုံးမှုပိုမိုရရှိစေရန် စုစည်းလုပ်ဆောင်ပေးသည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မွန်လူငယ်များနေ့ ပြုလုပ်ပေးခြင်းဖြင့် မွန်လူငယ်များ ပိုမိုစည်းလုံးညီညွှတ်စေရန် ရည်ရွယ်ကြောင်းတို့ကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် တက်ရောက်လာသူများမှ “ မွန်လူငယ်တွေဟာ…တစ်ခုတည်းပါ၊ မွန်လူငယ်တွေရဲ့ တော်လှန်ရေးဟာ…မွန် တစ်မျိုးသားလုံးအတွက်ပါ၊ မွန်လူမျိုးလွတ်လပ်ဖို့ ….မွန်လူငယ်တွေရဲ့ တာဝန်ပါ” စသည့် ကြွေးကြော်သံများ ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ မွန်လူငယ် ဘင်ခရာအဖွဲ့စစ်ကြောင်း ၇ ခုမှ သဘာပတိအဖွဲ့အား စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြု၍ ကွင်းအတွင်း မှ ပြန်လည်ထွက်ခွာသွားကြောင်းသိရှိရပါသည်။

၁၂ ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနားသို့ ဘင်ခရာအဖွဲ့ စစ်ကြောင်းများမှ မွန်လူငယ် ကျောင်းသား/သူများ၊ မွန်သံဃာတော်များ၊ မွန်နိုင်ငံရေးပါတီဝင်များ၊ မွန်စာပေယဉ်ကျေးမှုအဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ၊ ဒေသခံမွန်ပြည်သူများပါ စုစုပေါင်းအင်အား ၁၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ မွန်လူငယ်များနေ့ အထိမ်းအမှတ်အဖြစ် ဆုပေးပွဲများနှင့် မွန်တေးဂီတ ဖျော်ဖြေတင်ဆက်မှုများအား ည ၁၁ နာရီအချိန်ထိ ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

PAN