လူသားချင်းစာနာမှုကို ရှေ့ရှုပြီး မြို့အတွင်း ပိတ်မိနေသူတွေကို မြို့ပြင်ထွက်ခွင့်ပေးဖို့ မြန်မာ့တပ်မတော်ကို ရခိုင်လူ့အခွင့်အရေးအဖွဲ့ အသနားခံတောင်းဆို

နိုဝင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့အတွင်း ပိတ်မိနေသူတွေကို မြန်မာတပ်မတော်အနေနဲ့ လူသားချင်းစာနာမှုကို ရှေ့ရှုပြီး မြို့ပြင်ကို ထွက်ခွင့်ပေးဖို့ ရခိုင်လူ့အခွင့်အရေးအဖွဲ့က ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ပေါက်တောမြို့ကို AA သိမ်းပိုက်ပြီးနောက် မြန်မာ့တပ်မတော်နဲ့ AA တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ပိတ်မိနေသူတွေကို ထွက်ခွာခွင့်ပေးဖို့ ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့က အသနားခံ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

“စစ်တပ်မရှိတဲ့ မြို့ဗျာ။ AA မြို့လို့ပြောလို့ရတဲ့ မြို့ဗျာ။ အဲဒီမြို့ကို AA က သိမ်းတယ်။ ဘာများ ထူးခြားသွားမလဲ။ ဒီလိုသိမ်းခြင်းရဲ့ အကျိုးဆက်တွေကို မတွက်ဆဘဲ ဖြစ်ချင်တာဖြစ်ဆိုပြီး သူတို့လုပ်တုန်းကလုပ်တယ်။ ဒါကို ကြိုမြင်တဲ့ တပ်မတော်က ပြည်သူတွေကို မြို့ကို ခဏစွန့်ခွာဖို့ အချိန်တစ်ခုကို အသိပေးပြီးမှ ပြန်လုပ်တာ။ တပ်မတာ်ရဲ့ သဘောထားကြီးမှုကို အခွင့်ကောင်းယူပြီးတော့ အခုမှ လူ့အခွင့်အရေးကို ရှေ့ရှုပြီးဆိုပြီးတော့ အသနားခံ မျက်ရည်ချူတာလို့ မြင်တယ်”လို့ တပ်မတော်နဲ့ နီးစပ်သူတစ်ဦးက ပေါက်တောမြို့ဖြစ်စဉ်အပေါ် သူ့ရဲ့အမြင်ကို အခုလို ပြောဆိုလာပါတယ်။

ရခိုင်လူ့အခွင့်အရေးအဖွဲ့က အခုလို အသနားခံတောင်းဆိုလိုက်ပြီး နောက်တစ်နေ့ ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ မြန်မာတပ်မတော်တပ်စွဲနေတဲ့ ပေါက်တောမြို့ဦးတည်ကာ AA အဖွဲ့က ထိုးစစ်ဆင် ပစ်ခတ်ခဲ့ပြီးနောက် လက်ရှိ မွန်းလွဲ ၁ နာရီခန့်မှာ မြန်မာ့တပ်မတော်နဲ့ AA အဖွဲ့တို့အကြား မြို့ကို ပြန်လည်ရရရှိရေး တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

“အခုဖြစ်ရပ်က ကလေးဆန်တယ်ဗျာ။ သူတို့ပဲ လုပ်တယ်။ သူတို့ပဲ အသနားခံ တောင်းဆိုတယ်။ တောင်းဆိုတာကလည်း တပ်မတော်ဘက်ကိုပဲ။ သူတို့ရဲ့ AA ကို တောင်းဆိုထားတာတွေ မတွေ့ရဘူး။ AA လုပ်ရပ်ရဲ့ ဆိုးကျိုးတွေအပေါ် ထောက်ပြထားတာမတွေ့ရဘူး။ တကယ်ဆို နှစ်ဖက်စလုံးကို တောင်းဆိုရမယ်လေ။ ဒါက သတ်သတ် တပ်မတော်ရဲ့ သဘောထားကြီးမှုကို အသုံးချတာ။ အခုပဲကြည့်လေ သူတို့က တပ်မတော်ကို အသနားခံတောင်းဆိုလိုက်တယ်။ နောက်တစ်နေ့လည်းကျရော AA ဘက်က တပ်မတော်ရှိတဲ့ ပေါက်တောမြို့ကို စတင်ထိုးစစ်ဆင်တယ်ဆိုကတည်းက မြို့ထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေအတွက် AA ဘက်က ထည့်ပြီးစဉ်းစား ပေး၊ မပေး သိသာနေတာပဲ”လို့ PAN သတင်းဌာနကို သူက ဒီနေ့ဖြစ်ပွားတဲ့ ပေါက်တောမြို့တိုက်ပွဲဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး ဝေဖန်ပြောဆိုထားပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က ပေါက်တောမြို့မရဲစခန်းကို AA အဖွဲ့က တိုက်ခိုက်ပြီး ပေါက်တောမြို့ကို သိမ်းယူခဲ့တာကြောင့် မြန်မာ့တပ်မတော်က ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ရေးအတွက် ပေါက်တောဒေသခံတွေကို တစ်နာရီအတွင်း မြို့ပေါ်က စွန့်ခွာဖို့ အသိပေးပြီး ပြန်လည်တိုက်ခိုက်ကာ မြို့ပေါ်မှာ တပ်စွဲခဲ့တာ ဖြစ်ပါတယ်။

မြို့ပေါ်ဒေသခံအကုန်လုံးနီးပါး မြို့ပေါ်က စွန့်ခွာခဲ့ကြပေမယ့် AA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံအနည်းငယ်မှာ မြို့အတွင်းက မိမိတို့နေအိမ်မှာ ကျန်ရစ်ခဲ့ကြတာဖြစ်ပြီး အဲဒီလူတွေကို မြို့ပြင်ကို ထွက်ခွင့်ပေးဖို့ ရခိုင်လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews