အောက်တိုဘာ ၁၀
ယနေ့ ၊နံနက် ၁၀ နာရီအချိန်ခန့်တွင် မွန်ပြည်နယ် ၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင်(ခ)ကိုလတ်(၅၅)နှစ်၊ (ဘ)ဦးမောင်လုံးသည် ၎င်းနေအိမ်မှ အုပ်ချုပ်ရေးမှူးရုံးသို့ဆိုင်ကယ်ဖြင့် မောင်းနင်ထွက်ခွာ လာခဲ့ရာ အောင်မေတ္တာရပ်ကွက် ၊ ရာဇာဓိရာဇ်လမ်းအနီးသို့ ရောက်ရှိစဉ် ၎င်းနောက်မှ လိုက်ပါလာသော အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) အမျိုးသားတစ်ဦးမှ ဆိုင်ကယ်ဖြင့်လိုက်ပါလာပြီးအသင့် ပါလာသော ပစ္စတိုသေနတ်ဖြင့် ၂ ချက်ခန့်ပစ်ခတ်၍ ရွှေပြည်သာကျေးရွာဘက်သို့ မောင်းနင်ထွက်ပြေးသွားကြောင်းသိရှိရပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဦးအေးလွင် (ခ)ကိုလတ်သည် ဝဲဘက်နောက်ကျော ကျည်ဖောက်ဝင် ဝမ်းဗိုက် ဖောက်ထွက် (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ရရှိဒဏ်ရာများဖြင့် ဖြစ်စဉ်နေရာမှ ဆိုင်ကယ် ဖြင့် ၎င်း၏နေအိမ်သို့မောင်းနင်လာခဲ့ရာ ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ၎င်းနေအိမ်သို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းနောက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရှိရပါသည်။

