တောင်ကုတ်မြို့ရှိ ”ရွှေပွင့်အိမ်” ရတနာရွှေဆိုင်နှင့် လိုင်စင်ရအပေါင်ဆိုင်ကို စိစစ်ဆဲ လူငယ် ၂ ဦးကသေနတ်(အတို)(စိစစ်ဆဲ)ကိုယ်စီကိုင်ဆောင်ပြီး စုစုပေါင်း ကာလတန်ဖိုး ကျပ် ၆၆၀သိန်းခန့် ဓားပြတိုက်ယူဆောင်သွား

ဇူလိုင် ၂၇

    ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်၊ ပန်းတောင်း – တောင်ကုတ်လမ်း၊ မြို့နယ်ခန်းမအနီး ”ရွှေပွင့်အိမ်” ရတနာရွှေဆိုင်နှင့် လိုင်စင်ရအပေါင်ဆိုင် ဖွင့်ထားသည့် ဦးသန်းဌေး၊ ၅၄ နှစ်၊ (ဘ) ဦးခင်မောင်၊ ရခိုင်/ဗုဒ္ဓ၊ ရတနာဆိုင်ရောင်းသူ၏ ရတနာဆိုင်အတွင်းသို့ FZ. အမျိုးအစား အနက်ရောင်ဆိုင်ကယ်ဖြင့် အသက် ၂၅ နှစ်အရွယ်ခန့်၊ အနက်ရောင်အင်္ကျီ၊ အနက်ရောင်ဘောင်းဘီရှည်၊ အနက်ရောင် ဆိုင်ကယ်စီးဦးထုပ်
ဆောင်းထားသော စိစစ်ဆဲ လူငယ် ၂ ဦးသည် ရတနာဆိုင်အတွင်းသို့ သေနတ်(အတို)(စိစစ်ဆဲ)ကိုယ်စီကိုင်ဆောင်ဝင်ရောက်လာပြီး သေနတ်ဖြင့် ခြိမ်း ခြောက်ကာ ဓားပြတိုက်သွားကြောင်း သိရပါသည်။

     အဆိုပါ စိစစ်ဆဲ လူငယ် ၂ ဦးက လက်ဝတ်ရတနာများ ထည့်ထားသော မှန်ဘီဒိုအား ရိုက်ခွဲ၍ မှန်ဘီဒိုထဲတွင် ထည့်ထားသည့် ရွှေဆွဲကြိုး ၁၀ ကုံး၊ ရွှေဘယက် ၂ ခု၊ ၁ ကျပ်ရွှေဆွဲကြိုး ၇ ကုံး၊ ရွှေဆွဲသီး/ ရွှေဟန်းချိန်း ၁၀ ခု၊ စုစုပေါင်း ရွှေ ၂၀ ကျပ်သားခန့်၊ စုစုပေါင်း ကာလတန်ဖိုး ကျပ် ၆၆၀သိန်းခန့်ကို လုယူကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

     ထိုသို့ လုယူထွက်ပြေးသူ ၂ ဦးအား ဖမ်းဆီးရမိရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေ လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN