အင်းစိန်မြို့နယ်တွင် ၈ နှစ်ရွယ် တတိယတန်းကျောင်းသူကို ပြန်ပေးဆွဲခေါ်ဆောင်ပြီး ကျပ်သိန်း ၈၀၀ တောင်းဆိုသူ လင်မယားနှစ်ဦးကို နေအိမ်တွင် ဖမ်းဆီးရမိ

ဇူလိုင် ၂၀

      ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ကွက်သစ်ရပ်ကွက်၊ အမက(၁၂)ကျောင်းမှ တတိယတန်းတွင် ပညာသင်ကြား နေသော မ——၊၈ နှစ်သည် ကျောင်းတွင် စာသင်ကြားနေစဉ် ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်အချိန်ခန့်၌ အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသမီး ၁ ဦးမှ ကျောင်းအတွင်း ဝင်ရောက် လာပြီး မဆုသဇင်သွယ်ဟိဏ်း၏ အတူနေ အဒေါ်ဖြစ်သူ မ——–၊ ၄၇ နှစ်၊ပိန္နဲကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူမှာ နေမကောင်းသဖြင့် လာရောက်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆို၍ မ——အား ခေါ်ဆောင်သွားခဲ့ကြောင်း၊ နံနက် ၁၁ နာရီခွဲအချိန်တွင် အဒေါ်ဖြစ်သူ၏ ဖုန်းသို့ အမျိုးသား ၁ ဦးမှ ဖုန်းအမှတ် ၀၉-၇၇၉၇၃၄၁၄၇ ဖြင့် ဆက်သွယ်လာပြီး ငွေကျပ်သိန်း ၈၀၀ လွှဲပေးပါက မ——- အား လွှတ်ပေးမည်ဖြစ်ကြောင်းနှင့် ငွေလွှဲပြီးပါက မြောက်ဥက္ကလာပမြို့နယ်၊ (၂)ဈေး၌ လာရောက်ခေါ်ဆောင်ရန် ပြောကြားခဲ့သဖြင့် အဒေါ်ဖြစ်သူမှ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း၊ ထို့နောက် ဆက်သွယ်လာသည့် ဖုန်းအမှတ် ၀၉-၇၇၉၇၃၄၁၄၇ ဖြင့် အကြိမ်ကြိမ် ညှိ နှိုင်းခဲ့ရာ ငွေကျပ် ၃၀၀ သိန်း လွှဲပြီးပါက လာရောက်ခေါ်ဆောင်ရန် ပြောကြားလာသဖြင့် တရားခံအား ဖမ်းဆီးရမိရေးပူးပေါင်းအဖွဲ့ဖြင့် စီစဥ်ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

       ကလေးအဒေါ်ဖြစ်သူက ပြန်ပြေးဆွဲသူထံ သိန်း ၂၅၀ လွှဲပေးမည်ဟု ပြောဆိုကာ ညနေ ၃ နာရီခန့်၌ ငွေ ၅ သိန်းတစ်ကြိမ်၊ ၁၅ သိန်းတစ်ကြိမ် လွှဲပေးလိုက်ကြောင်း၊ ပြစ်မှုကျူးလွန်သူက ငွေထုတ်မရသဖြင့် ကျောင်းသူအား အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဆရာတော်ကြီးမှတ်တိုင်အနီးတွင် ကလေးကို ငွေ သိန်း ၂၅၀ နဲ့ လာရွေးယူရန် ပြောလာသဖြင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ ကျောင်းသူလေးသာ တွေ့ရပြီး၊ ပြစ်မှုကျူးလွန်သူမှာ တိမ်းရှောင်သွားကြောင်း သိရသည်။

        သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆက်လက်စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ ရဲသီဟ(ခ)ကိုရဲ ၊၂၅ နှစ် နှင့် ၎င်း၏ ဇနီးဖြစ်သူ မြတ်ဖူးဝေ(ခ) အငယ်လေး၊၂၃ နှစ်၊ ရွာမအနောက်ရပ်ကွက်၊နယ်မြေ(၇)၊ ကျောင်းလမ်းနေသူတို့ဖြစ်ကြောင်းသိရ၍ ၎င်းတို့နေအိမ်သွားရောက် ဖမ်းဆီးခဲ့ရာ ရဲသီဟ နဲ့ မြတ်ဖူးဝေတို့ လင်မယား နှစ်ဦးကို ပြန်ပေးဆွဲစဥ် အသုံးပြုခဲ့သည့် လက်ကိုင်ဖုန်းတို့နှင့်အတူ တွေ့ရှိဖမ်းဆီးခဲ့ကြောင်းနှင့် ၈ နှစ်အရွယ် ကျောင်းသူလေးကို လိမ်လည်ခေါ်ဆောင်၍ ခြိမ်းခြောက်ငွေတောင်းသူ ရဲသီဟ(ခ)ကိုရဲ နှင့် မြတ်ဖူးဝေ တို့ ၂ ဦးကို အင်းစိန်မြို့မရဲစခန်းမှ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

#PAN