နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ရှိ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦး၏နေအိမ်အတွင်း ဝင်ရောက်ပြီး အသင်စောင့်ဆိုင်းကာ အိမ်ရှင်ရောက်ရှိချိန်တွင် ဓားပြတိုက်ကာထွက်ပြေး

ဇူလိုင် ၁၆

        ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲချိန်ခန့်တွင် ဒေါ်ခင်နွေဦး ၊၆၂ နှစ်၊(ဘ)ဦးထွန်းမြင့်၊ဒုတိယညွှန်ကြားရေးမှူးချုပ်(အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန)၊ ဗမာ/ဗုဒ္ဓ၊ မြရွှေဝါ( ၉)လမ်း၊ VIP ကွက်သစ်၊ ထန်းတပင်ကျေးရွာ၊ ဒက္ခိဏသီရိမြို့နယ် နေသူ၏နေအိမ်အား အမည်မသိ အကြမ်းဖက် အမျိုးသား တစ်ဦးမှ အိမ်အတွင်းဝင်ရောက်ပြီး ဒေါ်ခင်နွေဦးကို တိတ်များဖြင့်ချည်နှောင်လျက် ၎င်းပိုင်ဆိုင်သည့် Laptop၊ Macebook၊ ရွှေလက်ကောက်၊ ငွေ(၈)သိန်းကျပ်နှင့် အိမ်ဂရမ်များ ယူဆောင်သွားကြောင်း သိရပါသည်။

     အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး နေပြည်တော် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ လယ်ဝေးခရိုင်နှင့် ဒက္ခိဏသီရိမြို့နယ် ရဲတပ်ဖွဲ့များမှ တာဝန်ရှိသူများက အခင်းဖြစ်နေအိမ်သို့ ရောက်ရှိစစ်ဆေးခြင်း၊ တရားခံ ဝင်/ထွက်ရာလမ်းကြောင်းများအား ကြည့်ရှုစစ်ဆေးခြင်း၊ တရားခံကိုင်တွယ်အသုံးပြုခဲ့သည့် အခင်းဖြစ်နေအိမ်အိပ်ခန်း တံခါးဘောင်ပေါ်မှ တိုက်ဆိုင်စစ်ဆေးနိုင်သည့် လက်ပုံစံ(၁)ခု၊ တိုက်ဆိုင်စစ်ဆေးရန် အင်္ဂါမပြည့်စုံသည့် လက်ပုံစံ(၁)ခုတို့အားရယူခြင်း၊ တရားလိုအား မေးမြန်း၍ တရားခံပုံသဏ္ဍာန်အား ခဲပန်းချီရေးဆွဲရယူခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ တရားခံမှ အခင်းဖြစ်နေအိမ်အတွင်းသို့ ဝင်ရောက်ရာတွင်အသုံးပြုသည်ဟုယူဆရသော အရှည် ၆ ပေခန့်ရှိ ဆောက်လုပ်ရေးသုံး အလူမီနီယမ်လှေကား(၁)ခု၊ တရားခံ၏ ဖိနပ်ဟုယူဆရသော Converse တံဆိပ်ပါ ဖြူ/နက်ကြား ရှူးဖိနပ် ၁ ရံ၊ တရားခံပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် အမြင့် ၂၇ လက်မ၊ အကျယ် ၂၁ လက်မခန့်ရှိ လက်တင်သစ်သားကုလားထိုင် ၁ လုံး၊ အသုံးပြုပီးသားတိတ်ခွေအခွံ ၂ ခု၊ ၂ လက်မခန့်စီရှိ အနက်ရောင်တိတ်အပိုင်းအစများ၊ ဝိုင်ပုလင်းအခွံ ၂ လုံး၊ လက်ကိုင်ပါကြွေဖန်ခွက် ၁ လုံး၊ KTM တံဆိပ်ပါ ရေအနည်းငယ်ကျန် ရေသန့်ဗူးသေး ၁ ဗူးတို့အား သက်သေများရှေ့ရှာဖွေပုံစံဖြင့်ရေးသွင်းသိမ်းဆည်းခြင်း၊ အခင်းဖြစ်ရပ်မြေပုံကြမ်းရေးဆွဲခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

        ၎င်းအ​ပြင် အခင်းဖြစ်နေအိမ်အနီးရှိ မြရွှေဝါ ၂ လမ်း၊ အိမ်အမှတ် ( – )ရှိ CCTVမှတ်တမ်းအား ကြည့်ရှုစစ်ဆေးခြင်း၊ တရားခံ ဝင်ရောက်၊ ထွက်ခွာနိုင်သည့် လမ်းကြောင်းပေါ်မှ CCTV များကို စစ်ဆေးခြင်းများ ပြုလုပ်ပြီး အခြားရဲစခန်းများသို့ ပစ္စည်းပျောက်ကြော်ညာများ၊ တရားခံ ပြေးပုံသဏ္ဍာန်များ ပေးပို့၍ နမစ( ဧည့်ဂေဟာ) (ပ)၂၈/၂၀၂၃ ၊ ရာဇသတ်ကြီးပုဒ်မ ၄၅၈ အမှုဖြင့် တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

     ဇူလိုင်လ ၁၂ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် အဆိုပါပြစ်မှုကို ကျူးလွန်ခဲ့သူ တရားခံ ဘုန်းနိုင်ဝင်း ကို နေပြည်တော်ရဲတပ်ဖွဲ့ နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့၏ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ပိတ်ဆို့ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ တရားခံ၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အသုံး ပြုသောပစ္စည်းများနှင့် ခြိမ်းခြောက်တောင်းခံယူဆောင်လာသော ပစ္စည်းများအား ၎င်းတို့ငှားရမ်းနေထိုင်ခဲ့သည့်  ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာ၊ VIP ကွက်သစ်၊ မြရွှေဝါ( ၆)လမ်းရှိ ဒ/၆၃၁၃ နေအိမ်တွင် သိမ်းဆည်းထားခဲ့ကြောင်း၊ အဆိုပါနေအိမ်သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ရှာဖွေခဲ့ရာ အဆို ပါနေအိမ်အတွင်းမှ 06492585 နံပါတ်ပါ USA နိုင်ငံထုတ်  .22 သေနတ် ၁ လက်၊ .22 ကျည် ၃၄ တောင့်၊ .22 ကျည်ခွံ ၅ ခု၊ .22 ကျည်အိမ် ၁ ခု၊ကာဘိုင်ကျည်  ၈ တောင့်၊ 9MM ကျည်  ၂၇ တောင့်၊ ပစ္စတိုအိတ်  ၁ ခု၊ စကုတ် ၂ ခု၊ .22 အသံတိတ်ပြောင်း  ၁ ခု၊ Lenovo Laptop  ၁ လုံး၊မြေငှားဂရမ်စာချုပ်  ၁ စောင်၊ တိုက်ဂရမ်စာချုပ် ၁ စောင်၊ AYA ဘဏ်စာအုပ် ၂ ခု၊ UAB ဘဏ်စာအုပ် ၁ ခု၊ နေပြည်တော်စည်ပင်သာယာဘဏ်စာအုပ် ၁ ခု၊ CB ဘဏ်စာအုပ် ၁ ခု၊ KBZ ဘဏ်စာအုပ် ၁ ခု၊ ဖန်စီပစ္စည်းမျိုးစုံထည့်ထားသည့် Box  ၁ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN