ချမ်းအေးသာစံမြို့နယ် နေအိမ်တစ်ခုအတွင်း ကော်သေနတ်အတုဖြင့် ဝင်ရောက်၍ ဓားပြတိုက်စဥ် အိမ်ရှင်အမျိုးသမီးကို ရဲဒင်းဖြင့် ခုတ်ပြီး ပလက်တီ နမ်ဆွဲကြိုး လော့ကတ်သီးကို လုယူထွက်ပြေးသွား

ဇူလိုင် ၁၅

        ယနေ့ နံနက် ၆ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၆၃ (အေ)လမ်း၊ ၂၇x၂၈ လမ်းကြားတွင် နေထိုင်သော ဒေါ်စန်းစန်းလှိုင်၊ ၅၉ နှစ်၊(ဘ) ဦးတင်လှိုင်၊ ရောဂါဗေဒဌာနမှူး၊ ဆေးတက္ကသိုလ်(မန္တလေး) ၏ နေအိမ်သို့ အမည်မသိ လူငယ်တစ်ဦးမှ ကော်သေနတ်အတုဖြင့် နေအိမ်ထဲသို့ဝင်ရောက်ကာ ဒေါ်စန်းစန်းလှိုင်၏ ဦးခေါင်းအား ရဲဒင်းဖြင့် ၂ ချက်ခုတ်ခဲ့ပြီး ၎င်းကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော ပလက်တီ နမ်ဆွဲကြိုး လော့ကတ်သီး တန်ဖိုး ၇ သိန်းကျပ်အား ယူဆောင်ကာ နေအိမ်အနောက်ဘက် ခြံစည်းရိုးအားကျော်တက်ကာ ထွက်​ပြေးသွားခဲ့ကြောင်း သိရပါသည်။

     ထိုသို့ ရဲဒင်းဖြင့် ခုတ်ခံရမှုကြောင့် ဒေါ်စန်းစန်းလှိုင်တွင် ဝဲဘက်ချိုစောင်း ပြတ်ရှဒဏ်ရာ ၂ချက် (မစိုးရိမ်ရ)ရရှိခဲ့ပြီး  မန္တလေး ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပို့ဆောင်ကုသလျှက်ရှိကြောင်း နှင့် တရားခံအားဖမ်းဆီးရမိရေး နယ်မြေခံရဲတပ်ဖွဲ့က စုံစမ်းရှာဖွေလျှက်ရှိကြောင်း သတင်းရရှိပါ သည်။

#PAN