ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေတွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ အကြမ်းဖက်သောင်းကျန်းသူ PDF ထောက်ပို့ကိုဖမ်းဆီးရမိ၊ လက်နက်ခဲယမ်းများ ဖော်ထုတ်သိမ်းဆည်းရမိ

ဇူလိုင် ၁၄

         ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေ၊သနပ္ပင်ကျေးရွာနေ နွယ်နီမြင့်(ခ)မနီ၊၃၁နှစ်၊(ဘ)ဦးတင့်နှင့် မိခင်ဖြစ်သူဒေါ်ခင်ဝင်း၊၆၂နှစ်၊(ဘ)ဦးတင်လှတို့သည် မြင်းခြံမြို့၊အမှတ် (၁၃)ရပ်ကွက်၊ကားကြီးကွင်းမှ OK ခရီးသည်တင် မှန်လုံယာဥ်ဖြင့် ရန်ကုန်မြို့သို့သွားရောက်ရန် လိုက်ပါလာစဥ် နွယ်နီမြင့်မှာ ညောင်ဦး အကြမ်းဖက်သောင်းကျန်းသူ PDF ထောက်ပို့ဖြစ်ကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ သက် ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများက မြင်းခြံမြို့၊အမှတ်(၂၀)ရပ် ကွက်၊ မြင်းခြံ-နွားထိုးကြီးအထွက်၊ နဘူးအိုင်စစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ပါသည်။

      ထိုသို့ဖမ်းဆီးပြီးနောက် ပဏာမစစ်မေးခဲ့ရာ နွယ်နီမြင့်(ခ)မနီမှာ ညောင်ဦး အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့ကို ထောက်ပို့ပြုလုပ်ပေးသူဖြစ်ပြီး ၎င်း၏နေအိမ်အနောက်ဘက်၌ အကြမ်းဖက်သမားများ၏ သေနတ်များအား ဆာလာအိတ်ဖြင့်ထည့်၍ ဝှက်ပေးထားကြောင်း သိရှိရသဖြင့် ယမန်နေ့ ည ၈ နာရီအချိန်တွင် တာဝန်ရှိသူများက သွားရောက်ရှာဖွေခဲ့ရာ M-22 သေနတ် ၇ လက်နှင့် ၎င်းကျည်အိမ် ၂၀ ခု၊ကျည်ဆံများနှင့် နေအိမ်အတွင်းမှ လက်ပစ်ဗုံး ၉ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။   

#PAN