မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်အတွင်းအကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက် ရှိသည့်နတ်ဆိုး PDF အမည်ခံအကြမ်း ဖက် အဖွဲ့ဝင်များဖမ်းဆီးရမိ

ဇူလိုင် ၁၂

      နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ပြည်သူ အတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများ၊ အပြစ်မဲ့ ပြည်သူများ သေကြေပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့် နေရာများတွင် မိုင်းထောင်ဖောက်ခွဲခြင်းများ၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် နိုင်ငံတော်အစိုးရနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ လူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲ ဖျက်ဆီးခြင်းများကို ဥပဒေမဲ့ ကျူးလွန်လျက်ရှိသည်။

      ထိုသို့ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကြမ်းဖက် သမားများအား ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းများကို နေ့/ညမပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်နှင့် အကြမ်းဖက် လုပ်ရပ်များကို မလိုလားသည့် ဒေသခံပြည်သူများ၏ လျှို့ဝှက် သတင်းပေးပို့ တိုင်ကြားချက်အရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက် နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ လမ်း(၃၀)၊ ၇၇x ၇၈ ကြားရှိ “မဟာ” ဆေးခန်း၌ နတ်ဆိုး PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ငြိမ်းချမ်းအောင်(ခ) အားသစ်နှင့် တရားမဝင် ပေါင်းသင်းနေထိုင်သူ ပပဝင်းတို့အား ဖမ်းဆီးရမိခဲ့သည်။

     ဖမ်းဆီးရမိတရားခံ ငြိမ်းချမ်းအောင်၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် KNLA တပ်မဟာ(၂)လှုပ်ရှားနယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်း ၃ လခန့် တက်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက်သင်တန်း ဆင်းပြီးနောက် ဧပြီလတွင် ပုသိမ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန် အတွက် နတ်ဆိုး PDF အမည်ခံ အကြမ်းဖက်အဖွဲ့အား ငြိမ်းချမ်းအောင် ခေါင်းဆောင်၍ ပပဝင်း၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် အယ်နှောင်း၊ ရတီ၊ ကျုံးကြီး၊ ကိုကြီး၊ ဒီပ၊ ကျွဲကြီး၊ ကိုမျိုး အပါအဝင် ၂၀ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

       ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ပုသိမ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှု ၄ ကြိမ်၊ မိုင်းထောင်ဖောက်ခွဲမှု ၂ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း-

–           ၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် ငြိမ်းချမ်းအောင်နှင့် ဖမ်းဆီးရန်ကျန် တရားခံ အယ်နှောင်းတို့ ၂ ဦးသည် ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေအား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် ဖမ်းဆီးရန်ကျန် တရားခံ ရတီ မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

–   ဧပြီလ ၁၉ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် ရတီနှင့် အယ်နှောင်းတို့ ၂ ဦးသည် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအနီး၌ မြို့နယ်လျှပ်စစ်ရုံး မန်နေဂျာ ဦးကျော်ရဲအောင်အား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ငြိမ်းချမ်းအောင်မှ အခြေအနေကြည့်ရှု ပေးခဲ့ကြောင်း။

–      ဇွန်လ ၁၉ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ကျုံးကြီးနှင့် ကိုကြီးတို့ ၂ ဦးသည် ပုသိမ်ကြီးမြို့နယ်၊ ကန်သာကျေးရွာ ရာအိမ်မှူး ဦးသန်းဆွေအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ဖမ်းဆီးရန်ကျန် တရားခံ အယ်နှောင်းမှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။

–      ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် အယ်နှောင်း၊ ဒီပ၊ ကျွဲကြီး၊ ကိုမျိုး တို့အပါအဝင် အဖွဲ့ဝင် ၇ ဦးဖြင့် သံဃာအယောင်ဆောင်၍ လိုက်ထရပ် မော်တော်ယာဉ်ဖြင့် ပုသိမ်ကြီး မြို့နယ်၊ မြကန်သာဈေးအနီး၌ ဈေးဝယ်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ငြိမ်းချမ်းအောင် မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။

–   ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံများ ဖြစ်သည့် အယ်နှောင်း၊ ကိုကြီးတို့မှ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်လျှပ်စစ် ရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲရာတွင် ငြိမ်းချမ်းအောင်မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။

–     ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် ငြိမ်းချမ်းအောင်၊ ဖမ်းဆီး ရန်ကျန်တရားခံများဖြစ်သည့် အယ်နှောင်း၊ ကိုကြီးတို့မှ ပုသိမ်ကြီး မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေး ရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။

     ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ်၊ ဇွန်လမှ စတင်၍ အကြမ်းဖက်လုပ်ငန်းများတွင် အသုံးပြုရန် “နတ်ဆိုး PDF အကြမ်းဖက်အဖွဲ့” Facebook Page အမည်ဖြင့် လူမှုကွန်ရက်မှတစ်ဆင့် ငွေကြေးကောက်ခံ၍ လည်းကောင်း၊ NUG ထံမှ အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်ရန် ထောက်ပံ့ငွေများ တောင်းခံ၍လည်းကောင်း ရရှိငွေများဖြင့် အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်မှု၊ လက်နက်/ခဲယမ်းများ ဝယ်ယူမှုနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များတွင် သုံးစွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

    အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံ များအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်ထားပါသည်။

#PAN