မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ရန်ကုန်-မန္တလေး-မန်စီ-မန္တလေး-ရန်ကုန် ခရီးစဉ် စတင်ပျံသန်းသည့် အခမ်းအနားကို တဲဟုန်ပြည်နယ်ခွဲ၊ မန်စီမြို့၌ ကျင်းပ

ဇွန် ၃၀            မြန်မာအမျိုးသားလေကြောင်းလိုင်းမှ နိုင်ငံ တကာခရီးစဉ်သစ်ဖြစ်သော ရန်ကုန်-မန္တလေး-မန်စီ-မန္တလေး-ရန်ကုန် ခရီးစဉ် စတင်ပျံသန်းသည့် အခမ်းအနားကို ၂၉-၆-၂၀၂၃ ရက်၊ (၁၈:၃၀) နာရီတွင် မန်စီလေဆိပ်၌ ကျင်းပခဲ့ပါသည်။      အခမ်းအနားသို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ထွေး၊ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်၊ မြန်မာအမျိုးသားလေကြောင်းမှ တာဝန်ရှိသူများ၊ တဲဟုန်ပြည်နယ်ခွဲမှ ပါတီအတွင်းရေးမှူး Mr. Jiang Shan ၊ အုပ်ချုပ်ရေးမှူး Mr. Wei Gang နှင့် ယူနန်ပြည်နယ် ပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။         အဆိုပါ ခရီးစဉ်သစ် ပျံသန်းနိုင်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုမြင့်မားစေပြီး မြန်မာနိုင်ငံနှင့် တဲဟုန်ပြည်နယ်ခွဲအကြား စီးပွားရေး၊ ကုန်သွယ်မှု၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှုဖလှယ်ရေး စသည့် ကဏ္ဍများတွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ခရီးစဉ်အား အပတ်စဉ် အင်္ဂါနေ့၊ ကြာသပတေးနေ့နှင့် စနေနေ့များတွင် ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရပါသည်။ #PAN