“ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အစိုးရဆန့်ကျင်ရေး ဆူပူအုံကြွမှုများ ပိုမိုအားကောင်းလာပြီး နိုင်ငံအတွင်းရှိ အခြားမြို့များတွင်လည်း ဆန္ဒပြဆူပူအုံကြွမှုများ ဖြစ်ပေါ်နေ”

ဇွန် ၂၉

ပြင်သစ်နိုင်ငံ ပဲရစ်မြို့၏ ဆင်ခြေဖုံးရပ်ကွက် အတွင်းတွင် ပြင်သစ်အစိုးရ ရဲတပ်ဖွဲ့များက အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို အသေပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြ ဆူပူ အုံကြွမှုများ ပြင်သစ်နိုင်ငံအတွင်း ပိုမိုအားကောင်းလာကာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား နေတာဖြစ်ပြီး ပြီးခဲ့သည့်ဇွန်လ ၂၈ရက် ဗုဒ္ဓဟူးနေ့ညက အဆိုပါ ဆန္ဒပြသူတွေဟာ မီးရှူးမီးပန်း တွေကို ကိုင်ဆောင်ပြီး မြို့အတွင်းရှိ ကားတွေကို မီးရှို့ခြင်းများပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံအတွင်းရှိ အခြားမြို့များနှင့် ဒေသများတွင်လည်း အလားတူ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။

ပြင်သစ်နိုင်ငံ၏ Toulouseမြို့၊ Lilleမြို့ ၊ Lyonမြို့ နဲ့ Nanterre မြို့တို့ မှာရှိတဲ့ ဆန္ဒပြသူတွေဟာ ဒေသဆိုင်ရာ အစိုးရပိုင် မြူနီစီပယ်အဆောက်အအုံတွေကို မီးရှို့ခဲ့ကြပြီး အစိုးရပိုင် ကော်မရှင်ရုံးတွေကိုလည်း တိုက်ခိုက်ခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွင်း အမည်မသိ တိုက်ခိုက်သူ အယောက် ၂၀ ခန့်က အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အကျဉ်းထောင်ကို ဝင်ရောက်စီးနင်းခဲ့ကြပြီး မီးရှူးမီးပန်းများနှင့် လက်လုပ် မီးလောင်ဗုံးများ အသုံးပြုပြီးတိုက်ခိုက်ခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံ၏ ရဲအထူးတပ်ဖွဲ့ဝင်များက အဆိုပါ တိုက်ခိုက်သူများကို တားဆီးခဲ့ရပြီး ပဲရစ်တစ်မြို့လုံး အရေးပေါ် သတိပေးသံများ ဖုံးလွှမ်းသွားခဲ့ရပါတယ်။

အဆိုပါတိုက်ခိုက်မှုများအတွင်း စုစုပေါင်း လူ ၈၀ ဦးခန့်ကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားခဲ့ရကြောင်း သတင်းဌာနများကဖော်ပြထားကြပါတယ်။